မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်တွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ တလသားအရွယ်ရှိ သားကို အရက်မူးနေသည့် ဖခင်ဖြစ်သူက ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် အမှတ်(၁၅) တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ် အရွယ် နေလင်းထက်(ခ) ဖိုးဖြူသည် ဧပြီ ၂၁ ရက် ညနေပိုင်းက ညနေပိုင်းက ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ တလသား အရွယ် သားကို ခြေထောက်နှစ်ချောင်းကိုင်ကာ ကြမ်းပြင်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
၎င်းက ဇနီးဖြစ်သူ၏ အမှုဖွင့်တိုင်ကြားချက်အရ ပြစ်မှုကျူးလွန်သူကို ရွေပေါက္ကံမြို့သစ် နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအရေးယူထားပြီး ရုံးတင်တရားစွဲနိုင်ရေးအတွက် ရဲလုပ်ငန်းများ ဆောင်ရွက်နေသည် ဟု ဆိုသည်။
“ဒါ သူ့သားသမီးအရင်းပါပဲ။ စီးပွားရေးအဆင်မပြေတော့ အရက်သောက်။ စကားများ။ စိတ်တိုတော့ ကလေးက ကြားက ဓားစာခံဖြစ်တာပေါ့။ ဘယ်လောက်မူးမူး။ ကိုယ့်သားသမီးကို ဒီလိုလုပ်တာတော့ အရင်က တခါမှ ဒီမှာမကြားဖူးပါဘူး။ အခု တော့ အရက်မူးပြီး ကိုယ့်သားသမီးကို မုဒိမ်းကျင့်တယ်။ ကလေးလည်းသတ်တယ်။ အပေါစားအရက်တွေသောက်တာများ ပြီး ကြောင်နေမှာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။
ဖခင်၏ ရိုက်နှက်ခံရမှုကြောင့် တလအရွယ်ကလေးမှာ ဘယ်နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ဘယ်မျက်လုံးညိုမည်း ဒဏ်ရာ၊ ဘယ်ပေါင်ရင်း ညိုမည်းဖူးရောင်ဒဏ်ရာ၊ ခါးဆစ်ရိုးကျိုး ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ၏ ဇနီးအမျိုးသမီးသည် ကလေးမထိန်းဘဲ ဖုန်းသုံးနေသည်ဟုဆိုကာ စကားများရန်ဖြစ်ရာမှ ကလေးကို ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ပျံ့နှံ့လျက်ရှိသည်။