ကိုရီးယားကျွန်းဆွယ် တင်းမာမှုများကြားမှ တရုတ်က ပြည်တွင်းဖြစ် ပထမဆုံး လေယာဉ်တင်သင်္ဘောကို အရှေ့မြောက်ပိုင်းက ဒါလီယန်းသင်္ဘောကျင်းမှာ ယနေ့မနက်က ရေချပွဲ ပြုလုပ်ပါတယ်။
ဒါဟာ တရုတ်အတွက်တော့ ပထမဆုံး လေယာဉ်တင်သင်္ဘော တည်ဆောက်နိုင်ခြင်းဖြစ်ပြီး၊ တရုတ်ရေတပ်၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်လာမှာဖြစ်ပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ လေယာဉ်တင်သင်္ဘော Liaoningကတော့ ယခင်ဆိုဗီယက်ခေတ်က လေယာဉ်တင် သင်္ဘောဖြစ်ပြီး ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ၁၉၉၈ မှာ ယူကရိန်းက တရုတ်ကို ရောင်းချလိုက်တာဖြစ်ပါတယ်။
ယခုအသစ်တည်ဆောက်တဲ့ လေယာဉ်တင်သင်္ဘောအသစ်ဟာ ပထမ ဆိုဗီယက်လုပ် ကုဇနက်ဇော့ဗ် အမျိုးအစား လေယာဉ်တင် သင်္ဘောထက်အနည်းငယ်ကြီးပြီး၊ တန် ၇သောင်းရှိကာ ၃၁၅ မီတာရှည် ပြီး ၇၅မီတာကျယ်ပြီး လေယာဉ်အစီးပေါင်း ၂၈ စီးမှ ၃၆စီးအထိ တင်ဆောင်နိုင်တယ်လို့သိရပါတယ်။
ဒါပေမယ့် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ခြင်းနဲ့ လိုအပ်တဲ့ စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်ဖို့ အချိန်ယူရမည့်အတွက် ၂၀၂၀ ခုနှစ်တိုင် အပြည့်အဝအသုံးချနိုင်မှာ မဟုတ်သေးဘူးလို့သိရပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းများ တိုးချဲ့ကာ စစ်ရေးပြင်ဆင်မှုတွေကို ပြုလုပ်နေသလို၊ လေယာဉ်တင်သင်္ဘောတစီးကို ထပ်မံတိုးချဲ့ခဲ့တာဖြစ်ပါတယ်။