မကွေးတိုင်း၊ ပခုက္ကူမြို့မှ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာဆရာ တဦးကို တနင်္လာနေ့က အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ပခုက္ကူထောင်သို့ ပို့လိုက်သည် ဟု ဒေသရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။
ဒေသခံ ပရဟိတအဖွဲ့တခုတွင် စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာဆရာ အဖြစ်ဆောင်ရွက်နေသူ ဦးမျိုးဇော်ထွေးက သူ၏ ချစ်သူကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ရဲကို တိုင်လျှင် သူမ၏ မသင့်တော်သော ဓာတ်ပုံများကို အင်တာနက်တွင် တင်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း စသည့် စွပ်စွဲချက်ဖြင့် လွန်ခဲ့သော အပတ်က ဖမ်းဆီးခဲ့သည်။
“သူ့ဆီက စစ်ဆေးချက် ယူပြီး ရာဇဝတ် ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပါတယ်။ ထောင်ကိုလည်း ပို့လိုက်ပါပြီ၊ ရှေ့တပတ်မှာ ရုံးထုတ်မယ်” ဟု ပခုက္ကူမှ ရဲအရာရှိတဦးက ပြောသည်။
ထိုဖြစ်ရပ်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးမျိုးဖော်ထွေးသည် ပါတီ၏ ဂုဏ်သတင်းကို ထိခိုက်အောင် ပြုလုပ်သည် ဟု လူအများက ပြောဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ပါဝင်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝတ်စုံဝတ်ထားသည့် ဦးမျိုးဖော်ထွေး၏ ဓာတ်ပုံများကိုလည်း ဖြန့်ချိခဲ့ကြပြီး အင်တာနက် သုံးစွဲသူများက သူ့ကို ရှုတ်ချကြပြီး ပါတီအနေဖြင့်ပါ အရေးယူရန် ပြောဆိုကြသည်။
သို့သော် ပခုက္ကူရှိ ပါတီရုံးက သူသည် ပါတီဝင်တဦး မဟုတ်ကြောင်းနှင့် ပါတီ၏ မှတ်တမ်းများ အရ သူသည် ပါတီရုံးနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း ကြေညာချက်တစောင် ထုတ်ပြန်သည်။
စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာဆရာ အဖြစ် သူ ဝင်ရောက်လုပ်ကိုင်နေသော ပရဟိတအဖွဲ့ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ပြီး ထိုအမှုမှာ သူ၏ ပုဂ္ဂိုလ်ရေးကိစ္စသာ ဖြစ်ပြီး အဖွဲ့အစည်းနှင့် မဆိုင်ကြောင်းကြေညာသည်။ ။