တရုတ်နိုင်ငံအတွင်းရှိ မွတ်ဆလင်အများစုနေထိုင်ရာ ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွင် တချို့သော အစ္စလာမ် အမည်နာမများသုံးစွဲခြင်းကို အာဏာပိုင်တို့က ပိတ်ပင်လိုက်ကြောင်း လွတ်လပ်သော အာရှအသံကို ကိုးကား၍ ရုရှားRT သတင်းကဆိုပါတယ်။
ဘာသာရေး အဓိပ္ပါယ် ပြင်းထန်သည်ဟု ယူဆသော အမည်များဖြစ်သည့် အစ္စလာမ်၊ ကိုရာန်၊ မက္ကာ၊ အီမန်၊ ဆက်ဒမ်၊ ဟာ့ဂျ်နှင့် မဒီနာစသည့် အမည်များနှင့် ဘာသာရေးစစ်ပွဲ ဂျီဟတ် သို့မဟုတ် ရှင်ကျန်း လွတ်လပ်ရေးနှင့် အဓိပ္ပါယ် ဆင်တူသော အမည်များသည် အဆိုပါ ထုတ်ပြန်သည့် စာရင်း တွင်ပါဝင်ကြောင်း ရဲသတင်းရင်းမြစ်တခုကို ကိုးကား၍ လွတ်လပ်သော အာရှအသံ(RFA) ကဖော်ပြ ထားကြောင်း သိရပါတယ်။
မွေးဖွားလာသည့်ကလေးများကိုအမည်ပေးရာတွင် ယင်းစကားလုံးများ မသုံးရန် ယခုအချိန်မှ စတင် ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ အသုံးများသော မွတ်ဆလင်အမည်များ၏ စာရင်းတခုကို တရုတ်အာဏာ ပိုင်များက မကြာသေးမီက ထုတ်ပြန်လိုက်သည်ဟု သိရပါတယ်။
ယင်းထုတ်ပြန်ချက်ကို မိဘများအနေဖြင့် ချိုးဖောက်ပါက ၎င်းတို့၏ သားသမီးများရရှိမည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစသည့် ဝန်ဆောင်မှုများအတွက် အရေးပါသည် Hukou ခေါ် အစိုးရ၏ မိသားစု စာရင်းတွင် မှတ်ပုံတင်ထုတ်ပေးမည်မဟုတ်ကြောင်း သိရပါတယ်။
သို့သော် အခြားသာမန်အမည်များကိုဆက်လက်သုံးစွဲခွင့်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။
Channel NewsAsia သတင်းကလည်း ပြီးခဲ့သည့် တပတ်အတွင်းက အနောက်မြောက်ဒေသမှ မွတ်ဆလင်အများစုဖြစ်သော ဝီဂါတို့ အသုံးများသည့် အမည် ၂၉ ခုကို “လူမျိုးစုများ အမည်ပေး စည်းမျဉ်းများ” အမည်ရှိ စာအုပ်တွင် ဖေါ်ပြထားကြောင်းဆိုပါတယ်။
ယခုအမိန့်သစ်မှာ တရုတ်အာဏာပိုင်များက အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ပုံမှန် မဟုတ်သော မုတ်ဆိပ်များ၊ ခေါင်းစည်းများကို တားမြစ်ခြင်း၊ အစွန်းရောက်အတွေးအခေါ် ဖြန့်ချိမှုကို တားမြစ်ခြင်း၊ ဘာသာတရားအစဉ်အလာအရ လက်ထပ်ခြင်းကို တားမြစ်ခြင်းတို့ ပြုလုပ်ပြီးနောက် ဖြစ်ပေါ်လာသည့် တားမြစ်ချက်အသစ်ဖြစ်ပါတယ်။
ဘာသာရေးအစွန်းရောက်ဝါဒ တိုက်ဖျက်ခြင်းမှ အဆိုပါ ပိတ်ပင်မှုများထွက်ပေါ်လာ ခြင်းဖြစ်ပြီး တရား မဝင်ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ကြီးထွားနေသည့် မွတ်ဆလင်လူဦးရေမှာ တရုတ်အာဏာပိုင် တို့ အတွက် အမြဲတစေ စိုးရိမ်စရာဖြစ်ပေါ်လျှက်ရှိပါတယ်။
ဝီဂါများသည် အလယ်အလတ်ဘာသာရေးဟုသတ်မှတ်နိုင်သည့် သမားရိုးကျ ဆွန်နီ ဘာသာကို ကိုးကွယ်ကြသော်လည်း တချို့မှာ မျက်နှာအပြည့် ခေါင်းမြီးခြုံခြင်းကဲ့သို့သော ဆော်ဒီနှင့်ပါကစ္စတန် မှအယူအဆများကိုစတင်လက်ခံလာကြသည်ဟု Reuters သတင်းကလည်း ဆိုပါတယ်။
ရှင်ကျန်းပြည်နယ်တွင် ဖောက်ခွဲမှုများ၊ ဓားလွတ်ကိုင်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်ဖြစ်ရပ် များနှင့်မကြာခဏ ကြုံတွေ့ရလျှက်ရှိပါတယ်။