ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စု တမာကုန်းကျေးရွာ ကျောက်တင်ဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ဧပြီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ရေဆင်းကူးသည့် နဝမတန်းကျောင်းသား ၃ ဦး ပျောက်ဆုံးနေရာမှ ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်က တဦးနှင့် ယနေ့နံနက် ၁၀ နာရီခန့်က တဦးတို့၏ အလောင်းများအား ဆယ်ယူနိုင်ခဲ့ပြီး ကျန်တဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
မောင်ပိုင်မင်းခန့်၏ အလောင်းအား ယမန့်နေ့ နေ့လည် ၂ နာရီခွဲခန့်က ဆယ်ယူရရှိ၍ မောင်မျိုးမောင်မောင်၏ ရုပ်အလောင်းအား ယနေ့နံနက် ၁၀ နာရီခန့်က ထပ်မံဆယ်ယူနိုင်ခဲ့ပြီး မောင်ခန့်မှူးပိုင်အား ယနေ့နေ့လည် ၁ နာရီခွဲ အချိန်အထိ မတွေ့ရှိသေးကြောင်း ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးကြီးထံမှ သိရသည်။
“မနေ့က ၂ နာရီ ၁၅ မိနစ် မှာ မောင်ပိုင်မင်းခန့်ရဲ့ အလောင်းကို ဆယ်နိုင်ခဲ့တယ်။ ညနေမှောင်တဲ့အထိ ဆယ်နေကြတာပဲ မှောင်မှသိမ်းကြတာ။ ဒီမနက်တော့ နတ်တွေဘာတွေမေးပြီး ၉ နာရီခွဲအထိမှ စဆယ်ဆိုလို့ ဆယ်တော့ ၁၀ နာရီလောက်မှာ မောင်မျိုးမောင်မောင်ကို ဆယ်နိုင်တယ်။ ကျန်တဲ့ကလေးကတော့ ရှာနေတုန်းပဲ။” ဟု ကိုမိုးကြီးကဆက်ပြောသည်။
အဆိုပါကျောင်းသား ၃ ဦးမှာ အမှတ် ၁၆ အကြီးစားစက်ရုံ ဆင်တဲ (ကစစ) မှ ဝန်ထမ်းများ၏ သားသမီးများဖြစ်ပြီး အဋ္ဌမတန်းအောင်မြင်၍ နဝမတန်းတက်မည့် သူများဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းက ကျူရှင်သွားရာမှ ဧရာဝတီမြစ်အတွင်း ရေးဆင်းကူးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။