တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော် စစ်ကြောင်းအကြား သေနတ်ပြန်ပေါက်မှု နှစ်ဘက်ညှိနှိုင်း၍ ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့များနှင့် တပ်မတော် စစ်ကြောင်းများအကြား ယခုလ ၂၂ ရက်နေ့ က ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး ဧပြီ ၂၈ ရက်နေ့က ပြည်နယ်အဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးရာတွင် ပြေလည်မှုရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။
JMC-S အဖွဲ့ဝင်လည်းဖြစ် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့သူလည်းဖြစ်သည့် နော်မေးဒြက် က “တပ်မတော်နဲ့ KNU ထဲမှာ ရှိတဲ့ မွတ်ဆလင် ရဲဘော်တွေ အကြား နားလည်မှုလွဲပြီး ဖြစ်တာ။ ဒီနေ့ အစည်းအဝေးမှာ KNU က တပ်မမှူး ပါလာတယ်။ ရှင်းပြတယ်။ မွတ်ဆလင်တွေဟာ အဖွဲ့အစည်း မဟုတ်ဘူး။ KNU တပ်ကပဲတဲ့။ ဟိုးအရင့် အရင်ကတည်းက ခေါ်ခိုင်းထားတဲ့သူ ပါတဲ့။ အဲလိုရှင်းပြလိုက်တော့ နားလည်မှုရသွားတာပေါ့” ဟု ဧရာဝတီသို့ ရှင်းပြသည်။
တနင်္သာရီတိုင်း ဘိတ်မြို့တွင် ပြုလုပ်သော ယနေ့ဆွေးနွေးပွဲသို့ KNU တပ်မဟာ (၄) ဒုဥက္ကဋ္ဌ ပဒို စောဘီးလယ် ဦးဆောင်ပြီး တာဝန်ရှိ ထိပ်ပိုင်းအရာရှိများ တက်ရောက်ခဲ့ကြသလို တပ်မတော်ဘက်မှလည်း တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်၊ နယ်လုံဝန်ကြီး၊ အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အရပ်ဘက် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ယနေ့ အစည်းအဝေးတွင် နှစ်ဘက်အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ နေ့တွင် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အခြား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး လက်မှတ် ထိုးခဲ့သည့် အဖွဲ့ ၈ ဖွဲ့အနက် တပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံး အဖွဲ့လည်းဖြစ်သည်။