မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်မှု ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်းမှာပင် ပျက်ကျသွားကြောင်း အမေရိကန်- ပစ္စဖိတ်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်( JCS)က ဆိုလိုက် ပါတယ်။
မြောက်ကိုရီးယားက အမျိုးအမည်မသိရတဲ့ ဒုံးပျံတစင်းကို မြို့တော် ပြုံယမ်းရဲ့မြောက်ဘက်ကနေ ယနေ့နံနက်စောစောမှာ ပစ်လွှတ်ခဲ့ကြောင်း၊ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာပင် မြောက်ကိုရီးယား ဝေဟင်မှာ ပျက်ကျသွားကြောင်း ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။
ဒုံးပျံအပျက်အစီးတွေဟာ ဂျပန်ပင်လယ်ထဲကို ကျသွားကြောင်းသိရပါတယ်။
အမေရိကန် ပစ္စဖိတ်စစ်ဌာနချုပ်အနေနဲ့ ဒုံးပျံပစ်လွှတ်မှုကို Pukchang လေယာဉ်ကွင်းအနီးဒေသက နေ ခြေရာခံရှာဖွေတွေ့ရှိတာဖြစ်ပြီး၊ KN-17 အမျိုးအစား တာလတ်ပစ်ဒုံးပျံဖြစ်နိုင်ကာ အမေရိကန်ပြည် ထောင်စုကိုတော့ ဒီဒုံးပျံဟာ မခြိမ်းခြောက်နိုင်ဘူးလို့ အမေရိကန် လေကြောင်းကာကွယ်ရေး ဌာနချုပ်(NORAD)ကဆိုပါတယ်။
ဒါဟာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တဲလာဆွန်းက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားပြီးနောက် မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်စမ်းသပ်တာဖြစ်ပါတယ်။
နျူကလီယားစမ်းသပ်မှု၊ ဒုံးပျံစမ်းသပ်မှုတွေကြောင့် အမေရိကန်က မြောက်ကိုရီးယားကို အင်အားပြတဲ့ အနေနဲ့ ကိုရီးယားကျွန်းဆွယ် ရေပြင်ကို လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော မစ်ချီဂန်ကို စေလွတ်ခဲ့ပါတယ်။