အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန် သည် ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့တွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာတွင် တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုသည်ဟုဆိုကာ ပြင်းထန်စွာကန့်ကွက်ပြီး လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD ပါတီနှင့်ပတ်သက်သော အွန်လိုင်းပေါ်၌ပြန့်နှံ့နေသည့် သတင်းများအား မဟုတ်မမှန်ကြောင်း ရှင်းလင်းပြောဆိုခဲ့ရာတွင် ဧရာဝတီသတင်းဌာနက “ယခုကဲ့သို့ သတင်းမှားများကို မည်သူ၊ မည်သည့်အဖွဲ့များကို သံသယရှိပါသလဲ” ဟုမေးခွန်းထုတ်ခဲ့ရာ ဦးဝင်းထိန်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်” ဟု ဖြေကြားခဲ့သည်။
အဆိုပါဖြေကြားချက်သည် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တဦးအနေဖြင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှု ထိခိုက်စေသော နိုင်ငံတော ်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော် အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုအား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ လိုအပ်သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်- နိုင်ငံရေး မတည်ငြိမ်အောင် မမှန်သတင်းထုတ်သူများကို NLD တရားစွဲမည်