နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် NLD အစိုးရအဖွဲ.အကြောင်း သတင်းအမှား စတင်ဖြန့်ချီသူများကို ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူရန် C.I.D မှ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှုးရုံးတွင် ယမန်နေ့ မေလ ၅ ရက် နေ့လည်ပိုင်းက အမှုဖွင့်ခဲ့ကြောင်းသိရသည်။
နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်က “ အဲ့သည်သတင်းအမှားတွေ တင်တာနဲ့ပတ်သက်ပြီး ဒီနေ့ပဲ C.I.D က အမှုဖွင့်ပါတယ်။ C.I.D ကနေပြီးတော့ ပဲ အမှုကိုင်ပြီးစစ်ဆေးမှာပါ။ ကျနော်တို့ဆီက အမှုဖွင့်ပေးရတာပဲရှိပါတယ်။စစ်ဆေးတာတွေစုံစမ်းတာတွေ အားလုံး က C.I.D ကပဲ ဆက်လက် စစ်ဆေးမှာပါ ´´ဟု ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။
၂၀၁၇ ခုနှစ် မေလ ၃ရက်နေ့တွင် popolay.com အင်တာနက် Website တွင် နိုင်ငံတော်သမ္မတရာထူးမှ နှုတ်ထွက်စာ တင်ထားတဲ့ သမ္မတကြီး ဦးထင်ကျော် ဆိုသည့် သတင်းအားဖော်ပြခဲ့ကြောင်း ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဥရောပ ခရီးစဉ် မှ ပြန်လည်ရောက်ရှိချိန်တွင် သမ္မတ နှုတ်ထွက်စာအားလွှတ်တော်သို့တင်ပြမည်ဟု စတင်ရေးသားခဲ့ကြောင်း ၊ ထိုသို့ သတင်းအမှားများကို NLD သတင်းသီးသန့် ( NLD Central News ) ဖေ့ဘုတ်စ်စာမျက်နှာတွင်လည်း ဖော်ပြခဲ့ကြောင်း C.I.D ၏အမှုဖွင့်စာတွင် ရေးသားဖော်ပြထားသည်။
ထိုသတင်းအမှားများသည် နိုင်ငံရေးမတည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)/၆၆(ဃ)တို့ဖြင့်အရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့်ခဲ့သည်ဟုလည်း နေပြည်တော်တိုင်းရဲတပ်ဖွဲမှုးရုံးမှ သိရသည်။
popolay.com တွင်မူ ၎င်းတို့သည် NLD Central News ဆိုသည့် ဖေ့ဘုတ်စ်စာမျက်နှာမှ ကူးယူဖော်ပြခဲ့ပြီး သတင်းကို မှားယွင်းဖော်ပြမိသည့်အတွက် “နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၊ အစိုးရလူကြီးမင်းများနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးကို လေးစားစွာဖြင့် ဝန်ချ တောင်းပန်အပ်သည်”ဟု ရေးသားဖြေရှင်းထားသည်။