NLD ပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်၏ USDP ပါတီအပေါ် စွပ်စွဲပြောဆိုချက်များသည် ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပြီး နိုင်ငံတော်အစိုးရ က လုပ်ဆောင်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးကို ထိခိုက်ပျက်ပြားစေနိုင်သဖြင့် ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ဦးဝင်းထိန်သည် ပါတီကို ကိုယ်စားပြု၍ မီဒီယာများကို တွေ့ဆုံရှင်းလင်းရာတွင် မကောင်းမြင်စိတ်၊ သံသယစိတ်တို့အပေါ် အခြေခံ၍ USDP ပါတီကို ထည့်သွင်း စွပ်စွဲ ပြောဆိုခဲ့ခြင်းက ပါတီ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေကြောင်း၊ NLD အစိုးရ တာဝန်ယူခဲ့သည့် တနှစ်ကျော်ကာလအတွင်း နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အစရှိသည့် လုပ်ငန်းများတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပေါ် တာဝန်ယူ၊ တာဝန်ခံမှု မရှိဘဲ အခြားပါတီ၊ အဖွဲ့အစည်းများကိုသာ အပြစ်ဖို့ စွပ်စွဲနေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ပါတီတာဝန်ရှိသူ ဦးဝင်းထိန်၏ မဆင်မခြင်ပြောဆိုမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို ပြောဆိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့က တာဝန်ယူရမည်ဟုလည်း ပြောဆိုထားသည်။
မေလ ၅ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက NLD ပါတီ တာဝန်ရှိသူ ဦးဝင်းထိန်၏ တပ်မတော်အပေါ် ပြောဆိုချက်များကို ပြင်းထန်စွာကန့်ကွက်ပြီး လိုအပ်သလို တုန့်ပြန်မှုဟု ကြေညာခဲ့သည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကမူ နိုင်ငံရေးမတည်ငြိမ်စေရန် သတင်းအမှားများ ဖြန့်ချိသူသည် တပ်မတော်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခြင်း ယနေ့ နေ့လည်ပိုင်းက တုံ့ပြန်ဖြေရှင်းထားသည်။