ထိုင်းရေတပ်၏ ဘတ် ၁၃.၅ ဘီလျံ တန်ဘိုးရှိ တရုတ်လုပ် ရေငုပ်သင်္ဘော ၃စီး ဝယ်ယူမည့် အစီအစဉ် ကို ရပ်ဆိုင်းရန် ကန့်ကွက်မှုကြောင့် အခက်အခဲဖြစ်နေကြောင်း Bangkok Post သတင်းက ဆိုပါ တယ်။
အခြေခံဥပဒေ ကာကွယ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဆရီဆူဝမ် ဂျန်ယာက ယင်းအစီအစဉ် ကို ရပ်ဆိုင်းရန် အစိုးရ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးသို့ တင်ပြကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး သူ့အနေဖြင့် အများ ပြည်သူမကျေနပ်မှုများ စုံစမ်းစစ်ဆေးရေးရုံးသို့လည်း ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့သည့် သောကြာနေ့က ရေငုပ်သင်္ဘော ဝယ်ယူရေးအစီအစဉ်ကို တရုတ်အစိုးရပိုင် သင်္ဘောလုပ် ငန်းနှင့် လက်မှတ်ရေးထိုးပြီး ပထမအရစ် ဘတ် မီလျံ ၇၀၀ ပေးချေရန် ပြင်ဆင်နေစဉ် ထိုသို့ ကန့်ကွက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
တရုတ်လုပ် Yuan အမျိုးအစား S26T ရေငုပ်သင်္ဘောများ ဝယ်ယူရေး သဘောတူညီချက်ကို ထိုင်း ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Luechai Ruddit နှင့် တရုတ် အစိုးရပိုင် သင်္ဘော လုပ်ငန်း (CSOC) တို့ အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီးထိုသို့လက်မှတ်ရေးထိုးပြီးနောက်မှာ ယခုကဲ့သို့ ရေငုပ် သင်္ဘောရောင်းဝယ်ရေး စာချုပ်၏ တရားဝင်မှု ရှိမရှိကို အထွေထွေအတွင်းရေးမှူး ဆရီဆူဝမ် ဂျန်ယာက မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပါတယ်။
ရေငုပ်သင်္ဘော ဝယ်ယူရေး အစီအစဉ်ကို ထိုင်းပြည်သူတွေ ကန့်ကွက်မှုများ၊ ဆန်းစစ်မှုများ ပြုလုပ်နေ သော်ငြားလည်း ဆက်လက်လုပ်ဆောင်ခဲ့သည့်အတွက် ဘတ်ဂျက်စိစစ်ရေး လုပ်ငန်း ဥပဒေ ပုဒ်မ ၂၃နှင့် အခြေခံဥပဒေသစ် ပုဒ်မ ၁၇၈ကို ချိုးဖောက်ရာရောက်တယ်လို့လည်း အခြေခံဥပဒေ ကာကွယ်ရေး အဖွဲ့ အထွေထွေအတွင်းရေးမှူး ဆရီဆူဝမ် ဂျန်ယာကဆိုပါတယ်။
ထိုင်းအာဏာသိမ်းစစ်အစိုးရက ရေငုပ်သင်္ဘော ဝယ်ယူရေးအစီအစဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက အမျိုးသား လွှတ်တော်တွင် တင်ပြကာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပထမဆုံးတစီးကို ယခုနှစ်အတွင်း ဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရေငုပ်သင်္ဘော ဝယ်ယူရေးအစီအစဉ်နှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိနေသော်ငြားလည်း ရေတပ် ကတော့ ထိုင်းအမျိုးသား အကျိုးစီးပွားနဲ့ အိမ်နီးချင်းတိုင်းပြည်များရဲ့ ရေတပ်စွမ်းရည်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။