လူပေါင်း ၃၀ သေဆုံးခဲ့ရသည့် ပုသိမ်မြို့ ငဝန်မြစ်အတွင်း မော်တော်တိုက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် ရေယာဉ်မောင်းနှင်သူ ၂ဦးအား ပုသိမ်မြို့နယ် တရားရုံးတွင် ယနေ့ ပထမအကြိမ် ရုံးထုတ် စစ်ဆေးသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ည ၇နာရီခွဲခန့်တွင် ပုသိမ်မှ ငပုတောမြို့နယ် ရခိုင်ကုန်းကျေးရွာသို့ ပြန်လည် ထွက်ခွာသည့် ငွေကြယ်ပွင့် မော်တော်နှင့် နဒီရွှေစင် ကျောက်တင်သင်္ဘောတို့ ပုသိမ်မြို့အထွက် ကြက်တန်း ကူးတို့ဆိပ်အနီး မြစ်လယ်တွင် တိုက်မိခဲ့၍ အမျိုးသမီး အများစု ပါဝင်သည့် လူပေါင်း ၃၀ သေဆုံးခဲ့ရခြင်းဖြစ် သည်။
ငွေကြယ်ပွင့် မော်တော်မောင်းနှင်သူ ကိုသီဟအောင်နှင့် နဒီရွှေစင် သင်္ဘောမောင်းနှင်သူ ဦးအောင် တို့အား ပုသိမ်နယ်မြေရဲစခန်းက ပုဒ်မ ၃၀၄ (က) ၃၃၇၊ ၃၃၈၊ ၂၈၀ တို့ဖြင့် ရုံးတင် တရားစွဲဆိုခဲ့သည်။
တရားခံအဖြစ် စွပ်စွဲခံထားရသည့် ကိုသီဟအောင်နှင့် ဦးအောင်တို့ အမှုကို ပုသိမ်မြို့နယ် တရားရုံး၌ မေလ၂၂ ရက်နေ့တွင် ကြားနာရန် ပြန်လည်ချိန်းဆိုခဲ့ပြီး ၎င်းတို့ ၂ ဦးအား တရားရုံး ခွင့်ပြုချက်ဖြင့် ပုသိမ်ထောင် အချုပ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။