ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်းပန်းခရိုင် မယ့်ဖရစ် စစ်ဆေးရေးဂိတ်မှာ ကားတစီးအတွင်း ဝှက်ကာ သယ် ဆောင်လာသည့် စိတ်ကြွဆေးပြား ၁သန်းကျော်နဲ့ မက်သာဖက်တမင်း ၇ ကီလိုဂရမ်ကို မနေ့က ဖမ်းဆီး မိကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ကာလပေါက်ဈေး ဘတ်သန်း ၃၀၀ တန်ဖိုးရှိကြောင်း ထိုင်း မီဒီယာများ၏ ဖော်ပြချက်အရသိရပါတယ်။
ယင်းမူးယစ်ဆေးဝါးများကို ကားကိုယ်ထည်အတွင်း ဝှက်ကာသယ်ဆောင်လာခြင်းဖြစ်ပြီး၊ x-ray ဖြင့် စစ်ဆေးရာမှ အထုတ်များဖြင့် ထုတ်ထားသည့် စိတ်ကြွဆေးပြား ၁သန်း ၁သိန်း ၅ထောင် ၆ရာနှင့် Ice မက်သာဖက်တမင်း များကို တွေ့ရှိခြင်းဖြစ်ပါတယ်။
ကားမောင်းသူဟာ အသက် ၂၇နှစ်အရွယ်ရှိ Saksayam Jaimoi ဆိုသူဖြစ်ပြီး၊ ကားပေါ်မှာ ဇနီးနဲ့ ၇နှစ် အရွယ်သားလေးလည်း ပါဝင်ပါတယ်၊ သူ့ကို အလယ်ပိုင်းဒေသအထိ ကားမောင်းဖို့ ငှားရမ်းထား ကြောင်း၊ ဘန်ကောက်ကို တခြားသောတယောက်က မောင်းနှင်မှာဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ယခင်ကလည်း တခေါက်လျှင် ဘတ် ၂သိန်းမှ ၅သိန်းအထိ အခကြေးငွေယူကာ ၃ခေါက် မောင်းနှင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။