တောင်ကိုရီးယား သမ္မတအဖြစ် ရွေးကောက်ခံရသည့် Moon Jae-in က ယို့ယွင်းနေတဲ့ မြောက်ကိုရီး ယားနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုကြောင်း ပြောဆိုလိုက်ပါတယ်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကာလမှာကတည်းက မြောက်ကိုရီးယား အရေးနဲ့ပတ်သက်ပြီး ပြံယမ်းနဲ့ သံတမန်ရေးအရ ပိုမိုလှုပ်ရှားဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ခွင့်ပြုမှာမဟုတ်ဘူးလို့တော့ ဆိုပါတယ်။
သမ္မတသစ် Moon Jae-in ဟာ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးသမား လစ်ဘရယ်တဦးဖြစ်ပါတယ်၊ မနေ့က ရွေးကောက်ပွဲမှာတော့ ၄၁.၄ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။
သူဟာ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်သမ္မတ ပတ်ဂွမ်ဟေးကို ကပ်ပြီးရှုံးခဲ့သူ ဖြစ်ပြီး၊ ထင်ရှားတဲ့ ကိုရီးယား နိုင်ငံရေးခေါင်းဆောင်နဲ့ သမ္မတဟောင်း ဖြစ်ခဲ့သူ ကင်ဒေးချုံ ရဲ့ ပေါ်လစီဖြစ်တဲ့ တောင်နဲ့ မြောက်အကြား ပေါင်းစည်းမှုနဲ့ ယုံကြည်မှု တည်ဆောက်ရေးအစီအစဉ်ကို ကျင့်သုံးလိုသူဖြစ်ပါတယ်။