အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ဝန် ဘာဆူကီ ဂျာဟာဂျာ ပူနာမာ (Ahok) ဟာ အစ္စလာမ်ဘာ သာကို ဆန့်ကျင်ထိခိုက်သည့် အသုံးအနှုန်း ပြောဆိုခဲ့သည့်အတွက်ဆိုကာ တရားရုံးက ထောင်ဒဏ် ၂နှစ် မနေ့က ချမှတ်လိုက်ပါတယ်။
Ahok လို့လူသိများတဲ့ သူဟာ နှစ် ၅၀အတွင်း ခရစ်ယာန်ဘာသာဝင်ထဲမှ ပထမဆုံး မြို့တော်ဝန်ဖြစ်ပြီး၊ မနေ့ကတော့ ဂျူရီလူကြီး ၅ ဦးပါဝင်တဲ့ ဂျာကာတာ တောင်ပိုင်း ခုံရုံးက ထောင်ဒဏ်အမိန့် ချမှတ် လိုက်တာဖြစ်ပါတယ်။
ထောင်ဒဏ်ချမှတ်ပြီးတဲ့နောက်မှာ မြို့တော်ဝန် Ahok ကို ဂျာကာတာအရှေ့ပိုင်းက Cipinang ထောင်ကို ချက်ခြင်းပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အဓိက ဂျူရီတဦးဖြစ်တဲ့ Dwiarso Budi Santiarto က Ahok မှာ ဘာသာရေးကို ထိခိုက်တဲ့ စကားပြောဆိုခဲ့တဲ့အတွက် ရာဇဝတ်မှုမြောက်ကြောင်း အပြစ်ရှိကြောင်း၊ တခြားသော ဂျူရီတွေက လည်း ဒီလိုချမှတ်မှုကို ထောက်ခံကြောင်း၊ ဘာသာရေးအရ ထိခိုက်ဆန့်ကျင်မယ့် စကားလုံးမျိုး မသုံးသင့်ကြောင်းဆိုပါတယ်။
ဒါဟာ အင်ဒိုနီးရှားသမိုင်းမှာ အကြီးမားဆုံး အမှုဖြစ်ပြီး၊ရှေနေတွေကတော့ ဒီလို မြို့တော်ဝန်ကို ထောင်ဒဏ် ၂နှစ် ချမှတ်တယ်ဆိုတဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်း လွန်းတယ်လို့ ဆိုပါတယ်။
အမိန့်ချမှတ်ရာမှာ တရားရုံး အပြင်က လူအုပ်ကြီးက Ahok ကို အနည်းဆုံး ထောင်ဒဏ် ၅နှစ် ချမှတ်ဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။
ဂျာကာတာမြို့တော်ဝန် Ahok ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ မဟာမိတ်တဦးဖြစ်ပြီး၊ သမ္မတ ဂျိုကိုဝီကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ ပါတီအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
Ahok ဟာ အင်ဒိုနီးရှား အနွယ်ဖွား တရုတ်လူမျိုးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မြို့တော်ဝန်ရွေးကောက်ပွဲ လှုပ်ရှားမှု မိန့်ခွန်း ပြောရာမှာ ကိုရန်ကျမ်းထဲက အပိုဒ်တပိုဒ်ကို ကိုးကားပြီး ပြောဆိုခဲ့တဲ့အတွက် အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူခံရပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နှံခဲ့ပြီးနောက်မှာ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုလို အမိန့်ချမှတ်မှုကြောင့် အင်ဒိုနီးရှားမှာ အစ္စလာမ် အစွန်းရောက် ဝါဒပြင်းထန်သူတွေ ခေါင်း ထောင်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။