ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ လေးနှစ်တကြိမ် ပါတီညီလာခံကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ အနီး ဌာနချုပ်တွင် မေလ ၃ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ရာ ညီလာခံကိုယ်စားလှယ် ၂၀၀ နီးပါးက ပါတီဥက္ကဋ္ဌ၊ ဗဟိုကော်မတီ၊ အမြဲတမ်းဗဟိုကော်မတီနှင့် အရန်ကော်မတီ အဖွဲ့ဝင်များကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ပါတီဥက္ကဋ္ဌအဖြစ် လက်ရှိ ဥက္ကဋ္ဌ ခွန်းအေဘယ်တွီဒ်အား ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြပြီး လက်ရှိ UNFC ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု များအား ဦးဆောင်နေသည့် KNPP ၏ ဒုတိယဥက္ကဌဟောင်း ခူးဦးရယ် သည် အမြဲတမ်း ဗဟိုကော်မတီဝင်တဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ညီလာခံပြီးသွားပြီးနောက် ဗဟိုကော်မတီဝင်များက အတွင်းရေးမှူး အဖွဲ့နှင့် ဒုဥက္ကဋ္ဌ တာဝန်တို့အား ပြန်လည် ရွေးချယ် တာဝန်ပေးအပ်ကြမည် ဖြစ်သည်။
KNPP ဗဟိုကော်မတီ အစည်း အဝေးကို နောက်အပတ် မေလ ၁၇ မှ ၁၈ ရက် အထိ ကျင်းပသွားရန် လျာထားကြောင်း KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ဧရာဝတီသို့ ပြောသည်။
KNPP သည် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သော ယခင်အစိုးရနှင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးထားသော အဖွဲ့များထဲမှ တဖွဲ့လည်း ဖြစ်သည်။ လတ်တလောတွင် ၎င်း၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) မူဝါဒအတိုင်း လိုက်ပါ ဆောင်ရွက်လျက်ရှိသည်။
KNPP ညီလာခံတွင် ပါတီလုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်ခဲ့ကြပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ၊ အမျိုးသမီးနှင့် လူငယ်များ ပိုမိုပါဝင်လာရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ညီလာခံတွင် NCA လက်မှတ်ရေးထိုး၊ မထိုးနှင့် ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်၊ မတက်ရောက် နှင့် သက်ဆိုင်သော အကြောင်းများနှင့် ပတ်သက်ပြီး လာမည့်အပတ်တွင် ပြုလုပ်မည့် ရှေ့လုပ်ငန်းစဉ်ကဏ္ဍဆိုင်ရာ ဗဟို ကော်မတီ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဘီထူးက ပြောဆိုခဲ့သည်။