ထိုင်းတောင်ပိုင်း ပတ္တာနီခရိုင် Big C ကုန်တိုက် ကားဗုံးခွဲတိုက်ခိုက်မှု၌ အဓိက သံသယရှိသူတဦးကို ဖမ်းဆီးလိုက်ပြီး အခြား ၈ဦးကိုလည်း အကြီးအကျယ်ရှာဖွေနေကြောင်း အာဏာပိုင်များ ပြောဆိုချက် ကိုကိုးကား၍ Bangkok Post သတင်းက ဆိုပါတယ်။
ပေါက်ကွဲမှုမှာ ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံး ၂လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် လူပေါင်း ၆၁ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်၌ အဓိက သံသယရှိသူ ဆူဟေမီ ဆာမာအီ Suhaimee Sama-ae ကို ပတ္တာနီ၏ နောင်ချစ် အရပ်ရှိ ခိုပိုး မြို့နယ်ခွဲတွင် ကြာသာပတေးနေ့က ဖမ်းမိခြင်းဖြစ်ပြီး၊ ၎င်းက တိုက်ခိုက်မှုတွင် သူပါဝင် ကြောင်းနှင့် အခြားသူ ၈ဦးလည်း ပါဝင်ကြောင်း ဝန်ခံတယ်လို့ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုပါတယ်။
ပတ္တာနီ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် ပီယာဝတ်ချလာမာဆာရီက ဖမ်းဆီးရမိသူ ဆူဟေမီ ဆာမာအီ သည် ကားဗုံးခွဲရာတွင် အသုံးပြုရန် နူဆွန် ချချွန်ခန်ဆိုသူကို သတ်ဖြတ်ကာ ပစ်ကပ်ကားအား ယူ ဆောင်ခဲ့ကြောင်း ဆိုပါတယ်။
ထိုပစ်ကပ်ကားကို ဗုံးများတပ်ဆင်ကာ အင်္ဂါနေ့ နေ့လည်Big C ကုန်တိုက်တွင် ဖေါက်ခွဲခဲ့သဖြင့် လူ ၆၁ ဦးဒဏ်ရာရခဲ့သလို၊ ပစ်ကပ်ကားပိုင်ရှင် နူဆွန်၏အလောင်းကိုလည်း နောင်ချစ်တွင် စွန့်ပစ် ထား သည်ကို အင်္ဂါနေ့ နေ့လည်ကတွေ့ရှိခဲ့ကြောင်းသိရပါတယ်။
ဗုံးဖောက်ခွဲမှုတွင် ပါဝင်သည်ဟု ယုံကြည်ရသူများကို ဖမ်းဆီးရန် ဝရမ်းများ လျှောက်ထားပြီး ဖြစ် ကြောင်းနှင့် ဆူဟေမီ ဆာမာအီ ထုတ်ဖေါ်ပြောခဲ့သော ပါဝင်ပတ်သက်သူများအတွက် ပတ္တာနီ နှင့်ယာလားတွင် ယခင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ အတွက်ပါ အထူးဝရမ်းများရယူထားကြောင်း သိရပါတယ်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဟွာဟင်နှင့် ဖန်ငခရိုင်များတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သေးပါတယ်။