ပြည်မြို့မှ ကံမမြို့သို့ထွက်ခွာလာသည့် ခရီသည်များတင် ရွှေကျွန်းသား ဒိုင်နာကားမှာ ကံမမြို့နယ် သက္ကယ်မြောင် ကျေးရွာအနီးတွင် ဘရိတ်ပေါက်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ နေရာတွင်ပွဲချင်းပြီး လူ ၂ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရှိခဲ့ပြီး ကံမမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် တဦးထပ်မံဆေးဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်သောကြာနေ့ ညနေ ၄ နာရီခန့်က ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်ခြား မိုင်တိုင်အမှတ် ၁၅/၂ နှင့် ၁၅/၃ ကြား ကျောက်ထစ်ကုန်းဆင်းတွင် တဖက်မှလာသည့် ဆိုင်ကယ်အား ရှောင်တိမ်းစဉ် ဘရိတ်ပေါက်၍ မတော်တဆ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံများထံမှသိရသည်။
“ရွှေကျွန်းသားကားက တက်လာတဲ့ဆိုင်ကယ်ကိုရှောင်လိုက်တာ။ ကျောက်ထစ်ကုန်းဆင်းက အဆင်းကြီး ဘရိတ်ပေါက်ပြီး အရှိန်းမထိန်းနိုင်ပဲ မှောက်သွားတာ။ ကျနော်တို့ရောက်တော့ အဖွားကြီးတယောက်နဲ့ လူလတ်ပိုင်း တယောက်အသက်မရှိ တော့ဘူး” ဟု သွားရောက်ကူညီပေးခဲ့သည့် သက္ကယ်မြောင်ကျေးရွာမှ ဒေသခံတဦးကပြောသည်။
သေဆုံးသူများမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီတဦးနှင့် အသက် ၃၅ နှစ်အရွယ်အမျိုးသား တဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးအား ကံမမြို့ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေပြီး ယမန်နေ့ ညနေ ၇ နာရီခန့်က အသက် ၆၀ အရွယ်အမျိုးသမီးကြီးတဦးထပ်မံ သေဆုံးခဲ့ကြောင်း ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းထံမှသိရသည်။
ယာဉ်မောင်း ကျော်လင်းအား ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ကံမမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄-(က)တို့ဖြင့် အမှုဖွင့်ထားပြီး ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်း ပြည်မြို့မှ သရက်မြို့သို့ အကျဉ်းသားများတင် ဆောင်လာသည့် အချုပ်ကားမှာ ဤလမ်းတွင်ပင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသူတဦးသေဆုံး ၍ အကျဉ်းသား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။