နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်မှု ဆောင် ဦးဝင်းထိန်တို့သည် ဖွဲ့စည်းပုံ အခြေခံပါ အချက်အလက်များကို ချိုးဖောက်သည်ဟုဆိုကာ ဥပဒေအရ အရေးယူပေးရန် နိုင်ငံ ရေးပါတီ ၁၃ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စာဖြင့် တိုင်ကြား ထားခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ပြောသည်။
UEC အတွင်းရေးမှူး ဦးတင်ထွန်းက “ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အခုမှ ဒီစာကို လေ့လာနေဆဲပဲ ရှိပါသေးတယ်။ ပြောရမယ်ဆိုရင် အားလုံးကတော့ ဥပဒေနဲ့ အညီပဲ ဖြစ်သွားပါလိမ့်မယ်”ဟု ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ပါတီ ၁၃ ခု၏ တင်ပြချက်သည် မေလ ၈ ရက်နေ့တွင် UEC သို့ ရောက်ရှိလာသော်လည်း ကော်မရှင် ဥက္ကဋ္ဌသည် မေလ ၁၂ ရက်နေ့မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသဖြင့် ထိုကိစ္စမှာ လေ့လာဆဲ အဆင့်တွင် ရှိနေကြောင်း UEC က ပြောသည်။
ထို့ပြင် ကြားဖြတ် ရွေးကောက်ပွဲတွင် UEC သို့ တင်ပြလာသည့် ကန့်ကွက်လွှာ ၄ မှု ရှိပြီး လှိုင်သာယာ၊ ကော့မှူးနှင့် ဒဂုံ အရှေ့ပိုင်း မြို့နယ်တို့တွင် အနိုင်ရသွားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကိုယ်စားလှယ်များက ကန့်ကွက်ခြင်း ဖြစ်ကြောင်း၊ နောက်ဆုံး ၁ မှုမှာ ကျိုင်းတုံ မဲဆန္ဒနယ်တွင် အနိုင်ရသွားသည့် USDP ကိုယ်စားလှယ်ကို NLD ကိုယ်စားလှယ်လောင်းက ကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကန့်ကွက်လွှာ တင်သွင်းခွင့် ရှိသည့်ရက်မှာ မေလ ၁၅ ရက်နေ့ နောက်ဆုံး ဖြစ်ပြီး ရွေးကောက်ပွဲ အသုံးစရိတ် တင်ပြရမည့် ကိုယ်စားလှယ် စုစုပေါင်း ၉၄ ဦးအနက် ၂ ဦး ပျက်ကွက်နေသည်ဟု သိရသည်