ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ၏ အနောက်ဖက် တောစပ်၌ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးသူ ၅ဦး ရှိခဲ့ရာ ထိုအထဲတွင် နိုင်ငံခြားသား ၂ဦးပါရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၅ရက် ညနေ ၄နာရီခွဲခန့်က သဲနီကျေးရွာ အနောက်ဖက်မှာ ပေါက်ကွဲမှု တရပ်ဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေလုံခြုံရေး ကင်းလှည့်ဆောင်ရွက်နေသည့် တပ်ဖွဲ့များက သွားရောက် ရှာဖွေရာ တောစပ်ဝန်းကျင်တွင် ယာယီတဲ ဆောက်လုပ်ကာ လက်လုပ်မိုင်းပြုလုပ်သည့် အထောက် အထားများကို တွေ့ရှိခဲ့ရကြောင်း၊ ပြီးခဲ့သည့် စနေနေ့ ညနေပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ သဲနီကျေးရွာ အနောက်မြောက် တောင်ခြေရင်း၌ တူးဖော်ရှာဖွေရာ တင်းမေ ၃ ရပ်ကွက် နေ မော်လဝီ အဒူကော်ရိန်၊ ကျောင်းတောင် အလယ်ရွာနေ မော်လဝီ ယာဆိမ့် နှင့် စာကိုင်းကျေးရွာ နေ ဇူပိုင် တို့ ၃ဦး၏ အလောင်းများအပြင် နိုင်ငံခြားသား ၂ဦး အလောင်းများကို တွေ့ရကြောင်း သိရပါတယ်။
အဆိုပါ နိုင်ငံခြားသား ၂ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။
ထိုအလောင်းများကို ဘူးသီးတောင်ဆေးရုံသို့ အပ်နှံပြီးနောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ အမှုဖွင့် အရေးယူရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။