၁၇ကြိမ်မြောက် ဒိုဟာဖိုရမ်သို့ တက်ရောက်ရန် ကာတာနိုင်ငံကို ရောက်ရှိနေတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ ကာတာနိုင်ငံခြားရေး ဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာဟမ် အယ်လ်သာနိ နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြောင်း ကာတာသံရုံးမှ ထုတ်ပြန်ပါတယ်။
မတ်လ ၁၄ရက်နေ့နဲ့ ၁၅ရက်နေ့ ၂ရက်တာ ကျင်းပတဲ့ ကာတာဖိုရမ်ဟာ ဒေသတွင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေး၊ ရေရှည် ထိန်းသိမ်းရေးနှင့် ဒုက္ခသည်ရေးရာများ အပြင် စီးပွားရေး၊ နိုင်ငံရေးရာ ကိစ္စရပ်များ ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ သူရဦးရွှေမန်းနှင့်အတူ မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ လေ့လာမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မမမျိုး နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။