ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်ရှိ အင်းလုပ်သားနှစ်ဦးထံမှ ငွေကြေးတောင်းယူခဲ့သည်ဟုဆိုကာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား ကော်မရှင်ထံ တိုင်ကြားထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဒုတိယညွန်ကြားရေးမှူး ဦးကျော်စိုးက “ကျနော်တို့ဆီကို တိုင်စာက မေ ၁၂ ရက်နေ့က ရောက်တယ်၊ ဒါနဲ့ပတ်သက်ပြီး ကာယကံရှင်တွေကိုပဲ ပြောလို့ရပါမယ်၊ ကျန်တာပြောလို့မရသေးပါဘူး”ဟု ပြော သည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဦးကျော်မျိုးမင်းနှင့် အင်းလုပ်ကိုင်သူများဖြစ်သည့် ဦးကျော်စိုး၊ ဦးမြင့်ရွှေ၊ ဦးသက်နိုင်ထွန်း၊ ဦးဖိုးထောင်တို့ တွေ့ဆုံခဲ့ရာတွင် ဦးကျော်မျိုးမင်း၏ တပည့်ဖြစ်သူ မျိုးဇော်မှ အင်းတအင်းလျှင် ကျပ် ၁၀ သိန်းတောင်းခံခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုအရ အင်းတအင်းလျှင် ကျပ် ၇ သိန်းဖြင့်သဘောတူညီခဲ့၍ အင်း ၅ အင်းစာအတွက် ကျပ် ၃၅ သိန်းကို ပေးအပ်ခဲ့ကြောင်း မေလ ၈ ရက်နေ့ ရက်စွဲပါ တိုင်ကြားစာတွင်ဖော်ပြထားသည်။
ငွေကြေးတောင်းခံမှုတွင် အင်းလုပ်ကိုင်သူ ၄ ဦးမှ ပေးအပ်ခဲ့ရသော်လည်း ယခုတိုင်ကြားမှုကို ငွေပေးခဲ့ရသည့် ၄ ဦး ထဲမှ ၂ ဦး ဖြစ်သည့် ဦးကျော်စိုးနှင့် ဦးမြင့်ရွှေတို့ ၂ ဦးမှ လက်မှတ်ရေးထိုးကာ ၎င်းအင်း ၃ အင်းအတွက် ကျပ် ၂၁ သိန်းကို ပေးခဲ့ရသည့် အပေါ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုင်ကြားထားမှုနှင့်ပတ်သက်၍ ၎င်းအနေဖြင့် ငွေကြေးတောင်းခံခြင်းနှင့် ရယူခဲ့ခြင်းမရှိကြောင်း မိုးညို မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းက ငြင်းဆိုထားပြီး တိုင်ကြားခံ ထားရသည့် အတွက်လည်း တာဝန်ရှိသည့်အတိုင်း ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ကြောင်း ပြောသည်။
ဦးကျော်မျိုးမင်းက “ဥပဒေအရရော၊ ပါတီစည်းမျဉ်းတွေအရပါ ဖြေရှင်းမှာပါ၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဘက်ကတော့ ဘာမှဆက်သွယ်တာမရှိသေးပါဘူး၊ နောက်ပိုင်းလည်း လူထုသိအောင်ရှင်းလင်းမှာပါ” ဟု ပြောသည်။
တိုင်ကြားထားသူဖြစ်သည့် ဦးမြင့်ရွှေမှာ သံပရာဒိုင်းအင်းနှင့် ဆောက်ချုံအင်းကို လည်းကောင်း၊ ဦးကျော်စိုးမှာ ဖလံကျူတောအင်းကိုလည်းကောင်း လုပ်ကိုင်နေသူများ ဖြစ်သည် ဟု သိရသည်။