မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် ယခု ၂၀၁၇ ခုနှစ်၏ ပထမ ၅ လအတွင်း အလုပ်အကိုင်များ ခေါ်ယူမှုတွင် ဟိုတယ် လုပ်ငန်း၊ ၎င်းနှင့် စပ်ဆက်သော လုပ်ငန်းများ အများဆုံးခေါ်ယူခဲ့ကြောင်း work.com.mm မှ ထုတ်ပြန်ချက်များအရ သိရသည်။
Work.com.mm သည် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေမှုများအတွက် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီ တခုဖြစ်သည်။
work.com.mm မှ Head of Marketing and Communication ဖြစ်သူ Sarah Dal က’’အလုပ်ခေါ်ယူမှုက ငပလီက အများဆုံးဖြစ်တယ်။ ဟိုတယ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို အဓိကထား ခေါ်ယူတာဖြစ်တယ်။ ဒုတိယအများဆုံး ခေါ်တဲ့ အလုပ်တွေက NGO နဲ့ ဆက်စပ်တဲ့ ကျန်းမာရေး ပရောဂျက် လုပ်ငန်းတွေကို ခေါ်တာဖြစ်တယ်။ ဒါပေမယ့် အခုက ပြည်နယ်တွေက တိုင်းဒေသကြီးက အလုပ်ခေါ်တာနဲ့ ယှဉ်ရင် အရင်ကထက်တော့ ပိုများလာတယ်’’ဟု ပြောသည်။
အများဆုံးခေါ်ယူခဲ့သည့် ဒေသများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြပြီး အလုပ်အကိုင် စုစုပေါင်း ၃၀၀ ကျော် ခေါ်ယူခဲ့ရာ ယခုနှစ် ၅ လအတွင်း အလုပ်ရှာဖွေနေသူ ဦးရေ စုစုပေါင်း ၁၆၀၀ ခန့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက’’အလုပ်ခေါ်တဲ့ လုပ်ငန်းတွေက ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမျိုးတွေလည်း ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာရင် မြန်မာနိုင်ငံ ဒေသအနှံ့ နေရာဒေသ မကွဲပြားနိုင်တော့ဘူး” ဟု ပြောသည်။
မြို့အလိုက် အလုပ်အကိုင် ခေါ်ယူမှုမှာ မော်လမြိုင်မြို့မှ အင်ဂျင်နီယာ လုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင်များ၊ အိုင်တီ၊ နှင့် ဈေးကွက် အရောင်းမြှင့်တင်ရေး အလုပ်အကိုင်များ ခေါ်ယူခဲ့ပြီး လားရှိုး၊ ဘားအံ၊ မြစ်ကြီးနား အစရှိသည့် မြို့များတွင် NGO အလုပ်အကိုင်များနှင့်ဆက်စပ်၍ အဓိကထားခေါ်ယူခဲ့ကြခြင်း ဖြစ်ကြောင်း work.com.mm အချက်အလက်များအရ သိရသည်။