တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားပိုင် မြန်မာ ပွန်ပီ်ပက် ကုမ္ပဏီ(MPC)က ထိုင်းအခြေစိုက် The Nation သတင်းစာနှင့် သတင်းထောက် Pratch Rujivanarong အပေါ် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ(NGOs) များက ကွန့်ကွက်ရှုံချလိုက်ပါတယ်။
အဆိုပါ မြန်မာပွန်ပီပက်ကုမ္ပဏီ(MPC) သည် ဟိန္ဒား သတ္တုတွင်းမှ စွန့်ပစ်သည့် ညစ်ညမ်းရေ များကို မြောင်းပြိုကျေးရွာ ဒေသခံများ၏ အဓိက သောက်သုံးနေသည့် ချောင်းအတွင်း တိုက် ရိုက်စွန့်ပစ်နေကြောင်း ထိုင်းသတင်း ထောက် Pratch Rujivanarong က သွားရောက်လေ့လာကာ မတ်လ ၁ရက်နေ့က The Nation သတင်းတွင် ရေးသား ခဲ့ခြင်းနှင့် ပတ်သက် ၍ ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
ထိုသို့ တရားစွဲဆိုမှုကြောင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဦးဆောင်ကာ လူ့အခွင့်အရေးအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက မေလ ၁၄ရက်နေ့မှာ တရားစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ အသရေဖျက်မှုများအားလုံးကို ရုပ်သိမ်းပေးရန် MPC ကုမ္ပဏီကိုတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။
တောင်းဆိုချက်တွင် သတင်းထောက် Pratch နှင့် The Nation တို့အပေါ် စွဲဆိုချက် များနှင့် ပြစ်ဒဏ်များသည် ရာဇဝတ်ဆိုင်ရာ ဥပဒေအရ အလွန်တရာများပြားကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း ဖော်ပြထားပါတယ်။
MPC ကုမ္ပဏီဟာ မတ်လ ၂၀ရက်နေ့က သတင်းရေးသားသည့် သတင်းထောက် Pratch ကို ပထမတရားခံအဖြစ်လည်းကောင်း၊ The Nation သတင်းစာကို ဒုတိ ယတရားခံအဖြစ်လည်းကောင်း ကွန်ပျူတာပြစ်မှု အက်ဥပဒေချိုးဖောက်မှုများ၊ ပြစ်မှုမြောက်သော အသရေဖျက်မှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။