ထိုင်းအစိုးရအနေဖြင့် လူမှုကွန်ရက် Facebook ယနေ့နံနက် ၁၀နာရီမှာ နောက်ဆုံးထားပိတ်ပစ် မယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဂယက်ရိုက်မှုတချို့ရှိခဲ့ပြီး၊ အခုအခါမှာတော့ ထိုင်းဆက်သွယ် ရေးဆိုင် ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Facebookကို ချက်ခြင်းပိတ်ပင်ပို့ မရှိကြောင်း ပြန်လည်ပြောဆိုမှု တွေရှိလာပါတယ်။
Facebook ကို ပိတ်ပစ်ဖို့ ထိုင်းအစိုးရ ခြိမ်းခြောက်ခဲ့တဲ့ အဖြစ်အပျက်က ထိုင်းဘုရင်စနစ်နဲ့ အစိုးရ ကိုဝေဖန်တဲ့ Post ၁၃၁ ခု Facebook ပေါ်မှာ ရှိနေတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရာကနေ အခုလို ပိတ်ပစ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။
ဒီကနေ့ အင်္ဂါနေ့မှာ နောက်ဆုံးထား ဖျက်ပေးဖို့ ထိုင်းအစိုးရဲ့ တောင်းဆိုချက်ကို Facebook က မလိုက်လျောတဲ့ အတွက် Facebook သုံးစွဲမှုကို ပိတ်ပင်ရန် ထိုင်း အင်တာနက် ဝန်ဆောင်မှုပေးသူ များအသင်း (TISPA)ကို ဖိအားပေးမှုများ ပြုလုပ်ခဲ့သလို တရားစွဲဆိုမှု လုပ်မယ်လို့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။
ထိုင်းအစိုးရကတော့ Facebook ပေါ်မှာ ရေးသားချက်တချို့ဟာ လုံခြုံရေးကို ခြိမ်းခြောက်နေသကဲ့သို့ ဘုရင်စနစ်နှင့် ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေများကို ချိုးဖောက်နေကြောင်း ဆိုပါတယ်။
ဒါအပြင် ရာဇဝတ်မှုတရားရုံးကလည်း ထို Post များကို ဖြုတ်ချရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ထိုသို့ မဟုတ်ပါက Facebook ၏ ထိုင်းနိုင်ငံဆိုင်ရာ ရုံးခွဲမှာ ဥပဒေအရ အရေးယူမှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆိုပါတယ်။
ယခုရရှိသည့် သတင်းများအရ ထိုင်းဆက်သွယ်ရေး ကော်မရှင် အထွေထွေ အတွင်းရေးမှူး Takorn Tantasith က Facebook အား ချက်ချင်းလက်ငင်း ပိတ်ပင်ဖို့ စီမံချက်မရှိကြောင်း၊ Facebook အနေ နဲ့လည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း၊ သတင်းထောက်များကို ပြောဆိုခဲ့တယ်လို့ Reuters သတင်းကဆိုပါတယ်။
ထိုင်းတို့သည် အရှေ့တောင်အာရှတွင် အတက်ကြွဆုံး ဆိုရှယ်မီဒီယာသုံးသူများဖြစ်ပြီး၊ တနေ့လျှင် ပျမ်းမျှ ၂.၃၅ နာရီ Facebook ကိုသုံးစွဲကြပြီး၊ ရုပ်သံကြည်ချိန်ထက် ၁၅ဆပိုများကြောင်းသိရသည်။
ထိုင်းအစိုးရသည် ၂၀၁၄ခုနှစ် မေလကလည်း Facebook ကို ဖြတ်တောက်ခဲ့သော်လည်း ၎င်းတို့ လုပ်ဆောင်ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး၊ ထိုစဉ်က ပြတ်တောက်မှုကို စမ်းသပ်မှုတခုအဖြစ် လူအများက ယူဆကြပါတယ်။
သို့သော် နောက်ပိုင်းတွင် Google၊ Gmail Service နှင့် ဗီဒီယို Youtube တို့ကိုလည်း ဖြတ်တောက်မှု များ ပြုလုပ်ခဲ့သည်ဟု သိရပါတယ်။
TISPA မှ အင်တာနက်ဝန်ဆောင်မှု ပေးသူများ၏ အဆိုအရ လက်ရှိအခြေအနေတွင် ထိုင်းအစိုးရ သည် Facebook ကိုတရားစွဲရန်ထက် လုံးဝပိတ်ပစ်ရန် ပြင်ဆင်နေသည်ဟုုလည်း သိရပါတယ်။