မ.ဘ.သ ဦးဆောင်ဆရာတော် ဦးဝီရသူ ( ဦးဝိစိတ္တာဘိဝံသ – မစိုးရိမ်ကျောင်းတိုက်) ပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုများအပေါ် ဓမ္မ၊ အဓမ္မခွဲခြားပေးရန် ရန်ကုန်တိုင်းရှိ ပြည်သူလူထု၏ ဆန္ဒပြုလက်မှတ်များ ကောက်ယူမည်ဖြစ်ကြောင်း အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီက ပြောသည်။
လက်မှတ်ကောက်ယူမှုကို အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ၏ သက်ဆိုင်ရာ မြို့နယ်စည်းရုံးရေး ကော်မတီဝင်များက ဦးဆောင်ပြီး ရန်ကုန်တိုင်းတတိုင်းလုံးရှိ မြို့နယ်များတွင် မေလ၂၁ ရက်မှ စတင်ကောက်ယူမည်ဖြစ်ပြီး၊ ကောက်ယူမည့် အချိန်ကာလကို ၁ လ သတ်မှတ်ထားကြောင်း အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ ဦးဆောင်တည်ထောင်သူ ကိုမြတ်ကျော်က ဧရာဝတီကို ပြောသည်။
ကိုမြတ်ကျော်က “ ပြီးခဲ့တဲ့လက မဟနကို ပြည်သူလူထုရဲ့ လက်မှတ် ၅၀၀ နဲ့အတူ ဆန္ဒပြုတောင်းဆိုပေမယ့် အခုထိ ဘာတုန့်ပြန်မှုမှ မလာဘူး။ ဒါ နောက်တဆင့်မြှင့်တဲ့ သဘောပါ။ ဒီထက်များတဲ့ လက်မှတ်တွေနဲ့ ထပ်တောင်းဆိုမယ်။ ဒီလက်မှတ်တွေကို မဟနဆရာတော်ဘုရားကြီး လက်ထဲအထိရောက်ဖို့ စီစဉ်ထားတယ်။ နောက်ပြီး သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးလက်ထဲအထိ ရောက်ဖို့လည်း ကြိုးစားမယ်” ဟု ပြောသည်။
ကော်မတီက ကောက်ခံရရှိထားသည့် လက်မှတ် ၅၀၀ ဖြင့် ဦးဝီရသူ၏ ပြောဆို၊ လုပ်ကိုင်ဆောင်ရွက်မှုများကို ဓမ္မ၊ အဓမ္မ ခွဲခြားပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) သို့ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က ပေးပို့လျှောက်ထား တောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီကို ၂၀၁၇ ခုနှစ် ဧပြီလလယ်ခန့်က စိတ်တူကိုယ်တူ ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဖွဲ့ဝင် ၅၀ ခန့်ဖြင့် လှုပ်ရှားဆောင်ရွက်နေကြောင်း ကိုမြတ်ကျော်က ဆိုသည်။
ဦးဝီရသူက ဘာသာ တခုနှင့်တခုအကြား အမုန်းတရားပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေး ပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ပြောဆိုမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်ဟုဆိုကာ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှ စတင်ပြီး ဦးဝီရသူကို မဟနက တရားဟောခွင့် ၁ နှစ် ပိတ်ပင်ထားသည်။