မကွေးတိုင်းဒေသကြီးမှ ရန်ကုန်ဘက်သို့ အမြန်လမ်းတလျှောက် မောင်းနှင်လာသည့် တိုယိုတာ ကားပေါ်တွင် လိုက်ပါလာသည့် အထောက်အထားမဲ့ ခိုးဝင်သူ ၅ ဦးကို ယနေ့နံနက် ၁၁ နာရီခန့်က နေပြည်တော် တိုးဂိတ်၊ မိုင်တိုင် ၂၀၁ မိုင် ၃ ဖာလုံ အနီးတွင် ဖမ်းဆီးရမိကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုသည်။
အမြန်လမ်းရဲ တပ်ဖွဲ့ ဒုရဲမှူးကြီး စိုးမြင့်ဦးက“မိတာကတော့ ထုံးစံ အတိုင်း ရခိုင်ပြည်နယ် မြောက်ဦးဘက်ကနေ အခကြေးငွေယူပြီး သယ်လာတာတာကို ဖမ်းမိတာပါ၊ ဘင်္ဂလီ ငါးဦးမှာ အကုန်လုံးက ၁၈၊ ၁၉ လူငယ်လေးတွေ အခုသူတို့ငါးယောက်ရော၊ ယာဉ်မောင်းကိုရော မနက် ၁၁ နာရီလောက်က ဖမ်းဆီးရမိထားပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ယာဉ်မောင်း ငြိမ်းချမ်း က ရခိုင်ပြည်နယ် ဘက်ရှိ ကျေးရွာများမှ အထောက်အထားမဲ့ ခိုုးဝင်သူ ၅ ဦးကို ၁ ဦးလျှင် ၁၀ သိန်းနှုန်း ဖြင့် အခကြေးငွေယူကာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ဘက်သို့ ပို့ဆောင်ပေးရန် သယ်ဆောင်လာစဉ် လမ်းခုလတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။