မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနဲ့ မွန်အမျိုးသားပါတီ ၂ ခု ပေါင်းစည်းရေးဆောင်ရွက်ပေးနေသည့် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ နှုတ်ထွက်သွားပြီးနောက် ကြားခံအဖွဲ့အစည်းမပါဝင်ဘဲ ပါတီ အချင်းချင်း တိုက်ရိုက်ညှိနှိုင်းမည်ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောသည်။ ဆိုသည်။
“ကျနော်တို့ ပါတီရဲ့ သဘောထားက ပေါင်းစည်းရေးအဖွဲ့ရဲ့ ညှိနှိုင်းမှုနဲ့ ဖြစ်နိုင်ဖို့ အလားအလာမရှိတော့ ပါတီ အချင်းချင်း တိုက်ရိုက်ပေါင်းစည်းဖို့ ဆောင်ရွက်သွားမှာပေါ့နော်။ တိုက်ရိုက်ညှိနှိုင်းဖို့၊ အဆက်အသွယ်မပြတ်သွားဖို့အတွက် CEC သုံးယောက်ကို ရွေးချယ်တာဝန် ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
မွန်ပါတီများ ပေါင်းစည်းနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သည့် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေးအဖွဲ့တွင် မွန်ပြည်သစ်ပါတီ၊ သံဃာတော်များနှင့် တတ်သိပညာရှင်များ ပါဝင်ခဲ့သော်လည်း ယခုနှစ် မေလ အစပိုင်းတွင် မွန်ပြည်သစ်ပါတီ ပါတီ က နှုတ်ထွက်ခဲ့သည်။
မွန်ပါတီ ၂ ခု ပေါင်းစည်းရေး ဆောင်ရွက်မည်ဟုဆိုသည့် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေးအဖွဲ့ကို လက်မခံနိုင်ဘဲ ပါတီခြင်း တိုက်ရိုက် ဆက်သွယ်ရန်အတွက် ယခင်ကတည်းက ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဘက်အတွင်းရေးမှူး ၁ နိုင်စံတင်က ပြောသည်။
“နှစ်ပါတီပေါင်းစည်းရေးအတွက် ညှိနှိုင်းရေးအဖွဲ့ကို လက်မခံဘူးလို့ စာထုတ်ထားတာ ကြာပြီ။ မွန်အမျိုးသားပါတီကိုလည်း ၂ ပါတီတွေ့ဆုံဖို့ တရားဝင်စာပို့ထားပြီးသား။ ကာယကံရှင်က သူတို့နဲ့ ကျနော်တို့လေ။ မွန်အမျိုးသားပါတီရော၊ အမျိုးသမီး ပါတီရောကို စာပို့ထားပြီးသား” ဟု ၎င်းက ဆိုသည်။
တိုးတက်သော မွန်လူငယ်များအဖွဲ့ (MYPO)၊ မွန်ပြည်သစ်ပါတီ ၊ ညီညာသော မွန်ရဟန်းပျိုများ အဖွဲ့တို့က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန် နိုင်ငံရေးပါတီများ စည်းလုံးမှုမရှိသည့် အတွက် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ပေါင်းစည်းရေးကို တွန်းအားပေးလျက်ရှိသည်။