ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ ယနေ့နံနက်အစောပိုင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှု၌ ယခင် ဒု သမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း၏ နှမနှင့် တူမတို့ သေဆုံးသွားကြောင်း ပြည်ထောင်စု ကြံ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတည်ပြုပြောကြားသည်။
ယနေ့နံနက် ၂နာရီ ၄၅ မိနစ်က မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကမ္ဘောဇ မီနီဘဏ်နှင့် တွဲလျှက်ရှိသည့် နှစ်ထပ်အိမ်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ၎င်းအိမ်မှာ ဒေါက်တာ စိုင်းမောက်ခမ်း ၏ နှမ ပိုင်ဆိုင်သည့် အိမ်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက “အဆောက်အအုံရဲ့ အိမ်ရှင်နေတဲ့ အခြမ်းဘက်က ဓာတ်ကြိုးကနေ မီးစလောင်တယ်လို့ မီးသတ်က ယူဆတယ်၊ နှစ်ယောက်လုံးက မီးခိုးမွှန်ပြီး သေဆုံး တာပါ” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကမ္ဘေဇဘဏ်၏ အကြီးတန်း မန်နေဂျာ ဦးညိုမြင့်ကလည်း ကမ္ဘောဇ မီနီဘဏ်မှာလည်း အပ်ငွေသာ လက်ခံပြီး၊ ငွေထုတ်မပေးသောကြောင့် မီးလောင်မှုအတွင်း ငွေကြေးပျက်စီးဆုံးရှုံးမှု မရှိသလောက်ပင် ဖြစ်ကြောင်း ဆိုသည်။