တရုတ်-မြန်မာနယ်စပ်၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ” ( UWSA ဦးဆောင် ပန်ခမ်း ကော်မတီ) အနေဖြင့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံကို တက် ရောက်ရန် အဆင်သင့်ရှိကြောင်း၊ အစိုးရအနေဖြင့် ဖိတ်ကြားပါက တဖွဲ့ချင်းမဟုတ်ပဲ ကော်မတီအနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီတွင် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော် (UWSA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ / ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSPP) တို့ ပါဝင်သည်။
ထုတ်ပြန်ချက်တွင် ကော်မတီအနေဖြင့် ဒုတိယအကြိမ် ပင်လုံ ညီလာခံကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ အစိုးရက အားလုံးပါဝင်ရေးမူကို အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ကြိုတင်ကန့်သတ်ချက်များ မထားပဲ တန်းတူရည်တူ ပါဝင်ခွင့်ပေးရန် တိုက်တွန်းကြောင်းလည်း ရေးသားထားသည်။
ထို့အပြင် ဒုတိယအကြိမ် ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ပေးရန်၊ မြောက်ပိုင်းတလျှောက် ငြိမ်းချမ်းရေး ရရှိစေရန်အတွက် အစိုးရနှင့် တပ်မတော်တို့က ၎င်းတို့ကော်မတီကို လျင်မြန်စွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပေးရန်လည်း ဖော်ပြထား သည်။
ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံကို လာမည့် မေလ ၂၄ရက်နေ့ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အစိုးရအနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) လက်မှတ်မထိုး ရသေးသည့် အဖွဲ့များကို ဒုတိယအကြိမ် ပင်လုံညီလာခံသို့ အထူးဖိတ်ကြားသူ အနေဖြင့် ဖိတ်ကြား သွားမည်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။
ဧရာဝတီမှ UPDJC ကိုယ်စားလှယ်များကို မေးမြန်းချက်အရ အထူးဖိတ်ကြားခံရသူများမှာ ညီလာခံ တွင် ပါဝင်ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်များ မရှိဟု သိရသည်။
ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့် ပေးပို့သည်။