မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့နှင့် သက်ဆိုင်သော အခြေခံ အဆောက်အအုံများ တိုးမြှင့်ဆောက် လုပ်ရန် လိုအပ်နေ၍ အိမ်ခြံမြေဈေးကွက် ပြောင်းလဲလာနိုင်ကြောင်း House.com.mm မှ သိရသည်။
အွန်လိုင်း အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္ပဏီ (House.com.mm) ၏ မန်နေဂျင်းဒါရိုက်တာ Mr Nitesh Khirwal က “ မြို့ပြ စနစ် ပြောင်းလဲလာတဲ့အတွက် တိုးမြှင့်ဆောက်လုပ်ဖို့ လိုအပ်လာတာ ဖြစ်ပါ တယ်။ နောက်ပြီးတော့ လူဦးရေ တိုးတက်မှု နှုန်း များပြားလာတာကြောင့် တန်ဖိုးနည်းအိမ်ရာ တွေ တိုးဆောက်ဖို့ လိုတယ်။ ပုုဂ္ဂလိကလုပ်ငန်းရှင်တွေလည်း ဒီကဏ္ဍ တွေမှာ ပါဝင်လာတာကြောင့် အိမ်ခြံမြေ ကဏ္ဍမှာ ပြောင်းလဲလာနိုင်တယ်” ဟု ပြောသည်။
Success Property Consultant ၏ ဒါရိုက်တာ ဦးကျော်စည်သူကလည်း “ရေရှည်မှာတော့ အိမ်ခြံမြေကဏ္ဍဟာ ကောင်း လာဖို့ပဲ ရှိပါတယ်။ အိမ်ခြံမြေကဏ္ဍအတွက် နှစ်ရှည်ချေးငွေတွေ ချေးပေးလာနိုင်ရင် အိမ်ခြံမြေရဲ့ အလားအလာဟာ ပိုကောင်း လာပါမယ်” ဟု ဆိုသည်။
လာမည့် ၁၅ နှစ်အတွင်း၌ ဆောက်လုပ်ရေးကဏ္ဍသည် တိုးတက်မှုအမြင့်ဆုံးဖြစ်သော စက်မှုလုပ်ငန်း ကဏ္ဍများထဲတွင် တခုအပါအဝင်ဖြစ်လာပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ဖော်ဆောင် ပေးလာနိုင်ကြောင်း သိရှိရသည်။
ဆောက်လုုပ်ရေးဈေးကွက် တိုးတက်လာပါက ယင်းနှင့် ချိတ်ဆက်နေသည့် အိမ်ခြံမြေ ဈေးကွက် သည်လည်း တိုးတက် လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားထားသည်။
လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့မှ အများဆုံး ရင်းနှီးမြှုပ်နှံလာနိုင် သည့် အခြေအနေများ ရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ရေးကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၅ ထရီလီယံ ရှိလာမည် ဖြစ်ကြောင်း House.com.mm က ဖော်ပြထားသည်။