မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်း၌ ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့ ခိုး ဝင်လာသူ ၁၁ ဦးကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ လူဝင်မှုကြီးကြပ်ရေး(လဝက)ဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း အဝေးပြေးကားကွင်းရဲကင်းမှူးရုံးမှ ဧရာဝတီသို့ပြောသည်။
၎င်းတို့ကို မေလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးမှ တရားလိုပြုလုပ်၍ အမှု ဖွင့်အရေးယူခဲ့ခြင်းဖြစ်ပြီး၊ အမှုတွင် ဆက်စပ်ပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေ ကြောင်း သိရသည်။
ရဲကင်းမှူးရုံးတာဝန်ရှိသူက “ဒီနေ့ပဲ တရားရုံးမှာ တရားစွဲပါတယ်၊ ခေါ်ဆောင်လာသူတွေနဲ့ ဆက်စပ် သူတွေကို ဖမ်းမသိသေးဘူးလို့ သိရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီးဘက်မှ ရန်ကုန်ဘက်သို့ အမြန်လမ်း အတိုင်းမောင်းနှင်လာသည့် ကားတစီးပေါ်မှ အထောက်အထားမဲ့ ခိုးဝင်လာသူ ၅ ဦးနှင့် ငွေကြေးယူ ကာ ပို့ဆောင်သူ ၂ ဦးကို နေပြည်တော်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သေးသည်။
အထောက်အထားမဲ့ ခိုးဝင်လာသူများအား တဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ရန်ကုန်မြို့၊ တာမွေမြို့ နယ် သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်အမြန် လမ်းမ ကြီး ရဲတပ်ဖွဲ့က ပြောကြားထားသည်။