လစ်လပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် အသက် ၆၃ နှစ် အရွယ်ရှိ ယခင် စီမံကိန်းဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟို စီးပွားရေး ကော်မတီဝင် ဦးဌေးဝင်းကို ဧရာဝတီတိုင်းလွှတ်တော်က ယနေ့ခန့်အပ်လိုက် သည်။
“ကျန်တဲ့ဝန်ကြီးနေရာက ကိုယ်စားလှယ်တွေထဲကနေ ဝင်လုပ်လို့ ရနိုင်ပေမယ့် စီမံဘဏ္ဍာဝန်ကြီး ကျတော့ ဘတ်ဂျတ်ရေးဆွဲဖို့ စီမံကိန်းအစီအစဉ်တွေ ရေးဆွဲဖို့ကျတော့ ဒီပညာရပ်တွေ ကျွမ်းကျင်သူမှ ဖြစ်မှာပါ။ အခု ဦးဌေးဝင်းကတော့ ညွန်ချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့အတွက် အကောင်းဆုံး အင်အားဖြည့်တင်းမှု ဖြစ်နေတယ်။ ဒါကြောင့် သူ့ကို ဝန်ကြီးခန့်ဖို့ လွှတ်တော်က လက်ခံခဲ့တာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးလှကျော်က တာဝန် ထမ်းဆောင်ခဲ့သော်လည်း နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာထွန်းဝင်းက ရာထူးမှ နှုတ်ထွက်ခဲ့သည့်အတွက် ၎င်းနေရာတွင် ဗဟိုအစိုးရက ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဦးလှကျော်အား အစားထိုး ခန့်အပ်ခဲ့သည်။
ထို့ကြောင့် ဦးလှကျော်မှာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည့်အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၅ လကျော် လစ်လပ်နေခဲ့ရာမှ ယနေ့တွင် ဦးဌေးဝင်းကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ အကြီးတန်း သတင်းထောက် ဆလိုင်းသန့်စင် ရေးသားပေးပို့သည်။