အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးမှု အရှုပ်တော်ပုံကြောင့် ဖမ်းဆီးခြင်းခံရသည့် တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေး၏ အမှုယနေ့ ပထမဆုံးအကြိမ်အဖြစ် မြို့တော်ဆိုးလ်က တရားရုံးမှာ ရုံးထုတ်ပါတယ်။
သမ္မတဟောင်းဟာ တရားရုံးကို လက်ထိပ်ခတ်ခေါ်ဆောင်ခံခဲ့ရပြီး၊ အကျဉ်းသားဝတ်စုံ အပြာရောင် ဝတ်ဆင်ထားတဲ့ သူမဟာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး တရားရုံးက မေးတဲ့အခါမှာတော့ အလုပ်လက်မဲ့တဦးလို့ ဖြေဆိုတယ်လို့ Asia Times သတင်းကဆိုပါတယ်။
ပတ်ဂွန်ဟေးဟာ ၂၀၁၃ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် ယခုနှစ်မတ်လ အတွင်းမှာ တော့ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးမှု စွပ်စွဲချက်တွေ ပေါ်ထွက်လာပြီး ဆန္ဒပြပွဲများ ဖြစ်လာ တဲ့အတွက် သမ္မတရာထူးက နှုတ်ထွက်ရရုံသာမက ဖမ်ဆီးခြင်းကို ပါခံခဲ့ရပါတယ်။
သူမအနေနဲ့ စွပ်စွဲထားတဲ့အတိုင်း စီးပွားရေးသမားတွေဆီကနေ လာဘ်ယူတယ်ဆိုတာ ပြစ်မှုထင်ရှား မယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀နှစ်အထိ ကျခံနိုင်ပါတယ်။
သမ္မတဟောင်း ပတ်ဂွန်ဟေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး၊ အပြစ်မရှိကြောင်း လျှောက် လဲခဲ့တယ်လို့ ဆိုပါတယ်။
အဖမ်းခံရပြီးကတည်းက ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တဲ့ သမ္မတဟောင်း ပတ်ဂွန်ဟေးကို ထောက်ခံသူ တွေက နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းကာ သူမရဲ့နာမည်ကို အော်ဟစ်ပြီး၊ သူမကို လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။
ပတ်ဂွန်ဟေး နှုတ်ထွက်သွားပြီးနောက် သမ္မတရွေးကောက်ပွဲအသစ်ကို ပြီးခဲ့ ၂ပတ်ကမှ ပြုလုပ်ရာ ပြုပြင်ပြောင်းလဲရေးသမား လစ်ဘရယ်တဦးဖြစ်တဲ့ လူ့အခွင့်အရေးရှေ့နေ မွန်ဂျေးအင် ဟာ သမ္မတ အဖြစ်ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။