သတင်းတို

ကမ္ဘာ့လှည့်ခရီးသွားအများဆုံးလာရောက်ရာ နေရာ၊ အန်ကောဝပ်ဘုရားကျောင်း ရွေးချယ်ခံရ

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားများ အများဆုံးလာရောက်သည့် နေရာအဖြစ် ကမ္ဘောဒီးယား နိုင်ငံက ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကို Trip Advisor က ရွေးချယ်လိုက်ပါတယ်။

အန်ကောဝပ်ဘုရားကျောင်းဟာ အိန္ဒိယက တပ်ချ်မဟာ၊ ပီရူးက Machu Picchu၊၊ ဗာတီကန်မြို့တော်မှ စိန့်ပီတာဘုရားကျောင်း စသည့် နေရာများကို ဖြတ်ကျော်ကာ ထိပ်တန်းနေရာကို ရရှိခဲ့ခြင်း ဖြစ်တယ်လို့ The Khmer Times သတင်းကဆိုပါတယ်။

ဒီဆုဟာ ကမ္ဘာလှည့်ခရီးသွား အရေအတွက်နဲ့ သူတို့ရဲ့ သုံးသပ်ချက်တွေ အပေါ်မှာ မူတည်ပြီး၊ ပုံမှန် ရွေးချယ်ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

အန်ကောဝပ်ဘုရားကျောင်းကို အပြောင်းအလဲမရှိ သဘောကျတဲ့ ခရီးသွား ၂သန်းကျော်ရှိပြီး ပုံမှန် လာရောက်တယ်လို့ သိရပါတယ်။

ပစ္စိဖိတ်-အာရှ ခရီးသွားလာရေးအဖွဲ့(ကမ္ဘောဒီးယား)ရဲ့ ဥက္ကဋ္ဌ Thourn Sinan က ဒီဆုရလိုက်ခြင်း ကြောင့် ကမ္ဘာလှည့်ခရီးသွားသစ်တွေရဲ့ ပိုမိုစိတ်ဝင်စားခြင်းခံရပြီး၊ ကမ္ဘောဒီယားကို လူသိများစေတယ် လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး၊ တိုးတက်ဖို့လုပ်ငန်းတွေ အများ ကြီးပြုလုပ်ခဲ့သလို၊ ကမ္ဘာ့လှည့်ခရီးသည်တွေကို စွဲဆောင်ဖို့ အတွက် သန့်ရှင်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုပါ ပါဝင်လာဖို့လည်း ယခုလုပ်ဆောင်နေပါတယ်။

အန်ကောဝပ်ဘုရားကျောင်းကို ၁၉၉၃ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွားပေါင်း ၁သောင်းပဲ လာရောက်ရာ ကနေ ပြီးခဲ့တဲ့နှစ်ကတော့ ကမ္ဘာလှည့်ခရီးသွားပေါင်း ၂.၁၉သန်းကျော် လာရောက်ကာ အမေရိကန် ဒေါ်လာ ၆၂. ၅သန်းဖိုး ဝင်ခွင့်လက်မှတ်များ ရောင်းချခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှတော့ ကမ္ဘောဒီးယားအစိုးရက အန်ကောဝပ်ဘုရားကျောင်းနယ်မြေ ဝင်ခွင့်နဲ့ ပတ်သက်ပြီး နှုန်းထားကို ဒေသတွင်းရှိ တခြားသော ကမ္ဘာ့လှည့်ခရီးသွားများ သွားရောက်သည့် နေရာ များနှင့် နှိုင်းချိန်ကာ တနေ့လည်ပတ်ခွင့် လက်မှတ်အတွက် အမေရိကန်ဒေါ်လာ ၂၀မှ ၃၇ ဒေါ်လာ၊ ၃ရက်လည်ခွင့်လက်မှတ်ကို ဒေါ်လာ ၄၀မှ ဒေါ်လာ ၆၂ ဒေါ်လာ၊ တပတ်လည်ခွင့် လက်မှတ်ကို ဒေါ်လာ ၆၀မှ ၇၂ ဒေါ်လာအထိ မြှင့်တင်ခဲ့ပါတယ်။

ကမ္ဘောဒီယားနိုင်ငံ ဆီယမ်ရိပြည်နယ်မှာ ရှိတဲ့ အန်ကောဝပ် ဟိန္ဒူဘုရားကျောင်းကို ၁၂ရာစု အစော ပိုင်း ခမာဘုရင် Suryavarman က တည်ဆောက်ခဲ့ပြီး ၄၀၂ ဧက ကျယ်ဝန်းပြီး၊ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO )ယူနက်စကိုရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ပုဂံရှေးဟောင်းနယ်မြေကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ) အဖွဲ့ အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုးစားနေပေမယ့်၊ အန်ကောဝပ်ဘုရားကျောင်းနဲ့ ကွာခြားချက်ကတော့ ရှေးဟောင်းဇုန်အတွင်းမှာ ဟိုတယ်နှင့် စား သောက်ဆိုင်များ၊ နန်းမြင့်မျှော်စင်ကဲ့သို့ ခေတ်သစ်အဆောက်အဦးများ ရောက်ရှိနေခြင်းဖြစ်ပါတယ်။

Trip Advisor အဖွဲ့ကြီးရဲ့ ကမ္ဘာ့လှည့်ခရီးသွားများ ဒုတိယအများဆုံးလာရောက်တဲ့နေရာကတော့ အာရပ်စော်ဘွားများနိုင်ငံ(UAE)မှ Sheikh Zayed ဗလီနှင့် စပိန်နိုင်ငံက ကော်ဘရာကာသီဒြယ် ဘုရားကျောင်းဖြစ်ပါတယ်။

Loading