မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ဧရာဝတီဘဏ်ခွဲ(၁)၌ တပ်ဆင်ထားသည့် ATM စက်၌ ကတ်အတုကို အသုံးပြုကာ ငွေကျပ် ၁၅ သိန်းကျော် ထုတ်ယူမှုဖြစ်ပွားကြောင်း သိရသည်။
ထိုသို့ လိမ်လည်၍ ငွေထုတ်ယူသွားသူကို အရေးယူနိုင်ရေးအတွက် ဧရာဝတီဘဏ် တာဝန်ရှိသူများက မော်လမြိုင် မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်ထားကြောင်း စခန်းမှူး ဒုရဲမှူး မောင်မောင်က အတည်ပြု ပြောကြာသည်။
“ကမ်းနားလမ်း ဘဏ်ခွဲ (၁) မှာ ၃ လပိုင်း လကုန်က တကြိမ် ၊ ၄ လပိုင်းမှာ တကြိမ် ၊ ၅ လပိုင်း ဒီလဆန်းပိုင်းမှာ နှစ်ကြိမ် ကတ်အတုနဲ့ ထုတ်ထားတာ သွားတွေ့ရတယ် ၊ အားလုံးပေါင်း ထုတ်တဲ့ ပမာဏက အဲဒီ လေးရက် (၅) ကြိမ်မှာ ၁၅ သိန်းကျော်ရှိပါတယ်” ဟု ဒုရဲမှူး မောင်မောင်က ဆိုသည်။
ဘဏ်မှ ရရှိထားသည့် CCTV မှတ်တမ်း များအရ ၎င်းငွေထုတ်သွားသူမှာ မြန်မာနိုင်ငံသားဟု ယူဆ ရပြီး ၎င်းထုတ်ယူစဉ် အသုံးပြုသွားသည့် ATM ကတ်အတုကိုမူ နိုင်ငံခြား နည်းပညာဖြင့် ထုတ်လုပ် ထားကြောင်း ယူဆနေသည်ဟု ၎င်းကသုံးသပ်သည်။
ဤဖြစ်စဉ်သည် မွန်ပြည်နယ်ရှိ ဘဏ်များတွင် ဖြစ်ပွား ခဲ့ခြင်း မရှိသေးပဲ ယခုအကြိမ်တွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ ကတ်အတုဖြင့် ငွေထုတ်ယူမှုကို ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ခွဲ တခုတွင် မသင်္ကာ ဖွယ် တွေရာမှ နယ်ဘဏ်များကို အကြောင်းကြား စစ်ဆေးစေခဲ့ရာ မော်လမြိုင် ဘဏ်တွင်လည်း ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူး မောင်မောင်က ဆက်ရှင်းပြသည်။
ထို ATM ကဒ် အတုဖြင့် ငွေထုတ်ယူ သွားသူအား ဖမ်းဆ်း အရေးယူ နိုင်ရေး အတွက် မော်လမြိုင် ဧရာဝတီဘဏ်မှ မွန်ပြည်နယ် လက်ထောက် အထွေထွေ မန်နေဂျာ ဒေါ်ယုယုအောင်က တရားလို ပြု၍ မေလ (၂၂) ရက်နေ့တွင် (ပ) ၂၄၀/ ၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ၄၆၈ ဖြင့် မော်လမြိုင် မြို့မ ရဲစခန်းသို့ လာရောက်၍ အမှုဖွင့် ထားခဲ့ပြီး ဖြစ်သည်။
ဤဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ယုယုအောင်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ အထက်အရာရှိများ ၏ ခွင့်ပြုချက်ရယူပြီးမှသာ ဖြေကြားပေးနိုင်မည်ဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။