မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၇လမ်းနှင့်၂၈ လမ်းကြားရှိ လယ်ကိုင်း ကျောင်းတိုက်ဝင်း အတွင်း၌ နိုင်ငံတကာစာပေများကို အဓိကသင်ကြားပေးမည့် ဓမ္မ္ဓဓရဘာသန္တရကောလိပ်ကို ယခုနှစ်အတွင်း ဖွင့်လှစ်မည်ဟု သိရသည်။
အဆိုပါ ဓမ္မဓရဘာသန္တရကောလိပ်တွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ရှရှား၊တရုတ် ဘာသာစကားများကို စတင် သင်ကြားပေးသွားမည် ဖြစ်ပြီး ကောလိပ်မှ သင်တန်းများပြီးဆုံးပါက နိုင်ငံတကာ ဘာသာစကားများ ဆက်၍ လေ့လာသင်ကြားနိုင်ရန်အတွက် နိုင်ငံတကာဖြင့် ချိတ်ဆက်ပြီး သင်ကြားခွင့်များရရှိအောင် လုပ်ဆောင်ပေးမည်ဖြစ်သည်။
အဆိုပါကျောင်းကို တည်ထောင်သူ ဓမ္မဓရဝါဆိုကျောင်းဆရာတော် ဒေါက်တာအရှင်ကုမာရက “ဘုန်းကြီးအနေနဲ့ ကိုယ်မြို့ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေ ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး အမှီလိုက်နိုင်စေချင်တဲ့ စေတနာနဲ့ အခုကောလိပ်ကို ဖွင့်လှစ်ပေးသွားမှာပါ၊ ဘာသာစကားတွေကို အဓိကထားပြီး နိုင်ငံတကာအဆင့်နဲ့အညီဖြစ် အောင် ဗုဒ္ဓစာပေနဲ့ နိုင်ငံတကာစာပေတွေကို အားလုံးသိရှိနားလည်အောင် သင်ကြားပေးသွားမှာပါ။ အဆင့် ၃ ဆင့် ပြီးတာနဲ့ ဒီပလိုမာ ပေးမှာပါ” ဟု မိန့်သည်။
ဘာသာစကားများ သင်ကြားပေးရာတွင် အဆင့် ၃ ဆင့်ဖြင့် သင်တန်း အပတ်စဉ်တခုကို ၅ လ သင်ကြား ပေးသွားမည် ဖြစ်ပြီး အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း၊ အခြေခံမှ စတင်တက်ရောက်နိုင်ပြီး အခြေခံမှ တဆင့်မြင့် တက်ရောက်လိုပါက အင်တာဗျူးဖြေဆိုကာ အောင်မြင်ပါက ဆက်လက်တက်ခွင့်ရမည်ဖြစ်ကြောင်း၊ သင်တန်းများတွင် မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ် (MUFL) မှ ကျွမ်းကျင်ဆရာများက လာရောက် သင်ကြားပေးမည်ဟု သိရသည်။
ကောလိပ်တက်မည့်သူသည် အနည်းဆုံး အတန်းပညာ ၄ တန်းအထိ တက်ရောက်ခဲ့ဖူးသူ ဖြစ်ရန် လိုအပ်ပြီး ကျောင်းအိပ်ကျောင်းစားများကိုလည်း လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။ ကျောင်းတွင် နေထိုင်ကာ သင်ကြားမည်ဆိုပါက သင်္ကန်းဝတ်ဖြင့် နေရမည်ဖြစ်ကာ အတန်းပညာ ၅ တန်းမှ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပြီးမှ လူထွက်ခွင့် ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ရဟန် အဖြစ် ဆက်လက် နေထိုင် လိုပါက ဗုဒ္ဓစာပေများကို ဆက်၍ သင်ကြားပေးသွားမည်ဟု သိရသည်။
“ကျောင်းအိပ်ကျောင်းစာတွေကို စည်းကမ်းသတ်မှတ်ရတာက သာသနာအတွက် လိုအပ်နေတဲ့သာမဏေတွေကို မွေးမြုပေးတဲ့အနေနဲ့ပါ၊ ကလေးတယောက်က ကောလိပ်မှာ တက်မယ်ဆိုရင် ဘာသာ စကားကိုလည်း သင်ကြားပေးတဲ့အပြင် အတန်းပညာကိုလည်း သင်ကြားရမယ်၊ ဗုဒ္ဓစာပေကိုလည်း သင်ကြားခွင့်ရမယ်၊ တက္ကသိုလ်ဝင်တန်းအောင်ပြီဆိုတာနဲ့ သူတို့ဘဝလေးတွေဟာ အနည်းနဲ့အများဆိုသလို လူကောင်းလူတော်လေးတွေ ဖြစ်သွားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟု မိန့်သည်။
အဆိုပါကောလိပ်တွင် တည်ရှိမည့် ကျောင်းဆောင်များကို ၂၀၁၆ နှစ်ဆန်းပိုင်းမှ စတင်ကာ လယ်ကိုင်းကျောင်းတိုက် ဝင်းအတွင်းမှာ တည်ဆောက်ခဲ့ပြီး ပေ ၂၀၀ နှင့် ပေ၁၂၀ ပတ်လည်ရှိ ခြောက်ထပ်ကျောင်းဆောင်တလုံး၊ ကျောင်းဆောင် အသေး ၂၂ လုံး ပါဝင်မည်ဖြစ်ကာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်သည်။