အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဟု အမည်ပြောင်းလဲကာ ယခင်ရပ်တည်ချက်များအတိုင်းသာ ဆက်လက်ရပ်တည် လှုပ်ရှားမည်ဟု သိရသည်။
မေလ ၂၇၊ ၂၈ ရက်နေ့က အင်းစိန်အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ပြုလုပ်သည့် မဘသ အထူးရှင်းလင်းပွဲတွင်
အသင်းအဖွဲ့နှင့်ဆိုင်ရာ ဥပဒေအရ မဘသအဖွဲ့ကို ဖျက်သိမ်းခွင့် မရှိကြောင်း၊ သံဃာအချင်းချင်း၊ လူအချင်းချင်း မကွဲပြား စေလိုသည့် ရည်ရွ.်ချက်ဖြင့် မဟန အမိန့်အတိုင်း မဘသ အမည်ကို ပယ်ဖျက်ကာ “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း” အမည်ဖြင့် ဆက်လက် ရပ်တည်လှုပ်ရှားမည်ဖြစ်သည်။
မဘသ ဆိုသည့် နာမည်တခုတည်းသာ ပြောင်းလဲမည်ဖြစ်ပြီး မူလလိုဂိုအတိုင်း၊ မူလနေရာများတွင် ဆိုင်းဘုတ်သစ်များ စိုက်ထူမည်ဖြစ်ကြောင်း၊ ယခင် ရပ်တည်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဘသ အပေါ် ပြောဆိုဝေဖန်မှုများအပေါ် တုန့်ပြန်မှုများ ပြုလုပ်မည့် ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကိုလည်း နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပြီး ဘာသာ သာသနာ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ဥက္ကဋ္ဌ မောင်သွေးချွန်က ပြောဆိုထားသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) သည် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်၍ နိုင်ငံအဝှမ်းရှိ ဆိုင်းဘုတ်များ ဖျက်သိမ်းပြီး မဘသ ဟူသည့် အမည် အသုံးမပြုရန် နိုင်ငံတော သံဃမဟာနာယက(မဟန) အဖွဲ့မှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် မေလ ၂၃ ရက်နေ့က ပြုလုပ်သည့် တတိယအကြိမ် ၄၇ ပါးစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး မဘသ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက်တွင် နောက်ဆုံးထား ဖြုတ်သိမ်းရမည်ဟု ကြေညာထားသည်။