အမေရိကန်က တတိယမြောက် လေယာဉ်တင်သင်္ဘော နိမစ်ပါဝင်တဲ့ ရေတပ်အုပ်စု ကို ပစ္စိဖိတ် အနောက်ခြမ်းကို စေလွှတ်ကာ သတိပေးမှု ပြုလုပ်နေစဉ်မှာပဲ မြောက်ကိုရီယားက တာတိုပစ် ဒုံးပျံ တစင်းကို ဒီကနေ့မနက် ဂျပန်ပင်လယ်ထဲ သို့ စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။
အဆိုပါ ဒုံးပျံကို နိုင်ငံ အရှေ့ပိုင်း ဝူဆန်ကနေ ပစ်လွှတ်လိုက်တာဖြစ်ပြီး ကီလိုမီတာ ၄၅၀ခန့် ပျံသန်း ခဲ့ပြီး နောက်မှာ ပင်လယ်ထဲသို့ ကျရောက်သွားခြင်းဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်က ဆိုပါတယ်။
တာတိုပစ် ဒုံးပျံဟာ စကဒ် ဒုံးပျံ အမျိုးအစားဖြစ်နိုင်ပြီး၊ ဂျပန်ကျွန်းများဖြစ်တဲ့ ဆိုဒိုကျွန်းနဲ့ မိုင် ၃၁၀အကွာ၊ အိုကီကျွန်းနဲ့ မိုင် ၁၉၀ အကွာမှာ ကျရောက်သွားကြောင်း ပူးတွဲစစ်ဦးစီးချုပ်က ဆိုပါတယ်။
ဒီလို ဒုံးပျံစမ်းသပ်မှုကို ဂျပန်နဲ့ တောင်ကိုရီးယားက အပြင်းအထန်ရှုံချလိုက်ပြီး၊ တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေးအင်က နိုင်ငံတော်လုံခြုံကောင်စီ အစည်းအဝေးခေါ်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကလည်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာကလည်း ပြည်တွင်းဖြစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံသစ်ကို စမ်းသပ်ခဲ့ကြောင်း၊ ယင်းစမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်းက ကြည့်ရှု့ခဲ့ကြောင်း သိရပါတယ်။