မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Bipin Rawat ဟာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ယနေ့ နေပြည်တော်မှာ တွေ့ဆုံကာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
အိန္ဒိယ တပ်မတော်ကြည်းတပ် ဦးစီးချုပ် General Bipin Rawatဟာ မြန်မာနိုင်ငံမှာ ၄ရက်ကြာ နေ ထိုင်မှာဖြစ်ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမယ်လို့လည်း အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ယနေ့ တွေ့ဆုံရာမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။
အိန္ဒိယနဲ့ မြန်မာဟာ နယ်စပ်ချင်း ကီလိုမီတာ ၁၆၄၀ ထိစပ်နေပြီး၊ နာဂနှင့် မဏိပူလက်နက်ကိုင် အဖွဲ့များကဲ့သို့သော ခွဲထွက်ရေးသူပုန်များ က မြန်မာနယ်နိမိတ် အတွင်း ခိုလှုံကာ အိန္ဒိယနိုင်ငံအတွင်း သို့ ဝင်ရောက်တိုက်ခိုက်မှုများကြောင့် အိန္ဒိယ အစိုးရက စိုးရိမ်မှုများဖြစ်ပေါ်နေပါတယ်။
မကြာသေးမီကလည်း ချင်းပြည်နယ်၌ အစိုးရတပ်များနှင့် ရက္ခိုင်တပ်မတော် (AA) တို့အကြား တိုက်ပွဲ ဖြစ်နိုင်သည်ဆိုသော သတင်းများကြောင့် ပလက်ဝဒေသခံတချို့ အိန္ဒိယဘက်သို့ ဝင်ရောက်ခိုလှုံခဲ့ပါ သေးတယ်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူနီးလ် လန်ဘာဟာ မြန်မာနိုင်ငံသို့ ၄ရက်ကြာ လာရောက်ကာ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျှောက် အိန္ဒိယ လက်နက် ကိုင်သူပုန်တွေ စိမ့်ဝင်နေခြင်းကို ကာကွယ်တားဆီးဖို့ မြန်မာစစ်တပ်နဲ့ ပူးတွဲကင်းလှည့် မယ့် အစီအစဉ်ကိုလည်း အရှိန်မြှင့်တင်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ ရေတပ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသေးတယ်။