ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့၌ စစ်တပ်နှင့် Maute အစ္စလာမ်မစ် စစ်သွေးကြွများ တိုက်ပွဲဖြစ်ပွားနေရာ ၆ရက်အတွင်း သေဆုံးဦးရေ ၁၀၀ခန့် ရှိလာပြီး၊ စစ်တပ်မှ စစ်သွေးကြွ ၆၁ ဦးကို သုတ်သင်လိုက် ကြောင်း သတင်းများက ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲတွင် အရပ်သား ၂ထောင်ခန့် ပိတ်မိနေပြီး၊ မြို့မှ ထွက်ပြေးသူများကို စစ်သွေးကြွများ က သစ္စာဖောက်များအဖြစ် သတ်ဖြတ်နေကြောင်း၊ သေဆုံးသူ အရပ်သား ၂၇ဦးတွင် ၈ဦးမှာ ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး၊ တဦး၏ ကိုယ်တွင် ဘာသာတရားအပေါ် သစ္စာဖောက်သူဟု စာတန်းချိတ်ဆွဲခြင်း ခံထားရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ပြီးခဲ့သည့် စနေနေ့က မာရာဝီ၏ တက္ကသိုလ်အနီးတွင်လည်း အမျိုးသမီးနှင့် ကလေးငယ်များပါဝင် သည့် ရုပ်အလောင်း ၄လောင်းကို တွေ့ရကြောင်း သိရပါတယ်။
တိုက်ပွဲများတွင် စစ်သား ၁၁ဦးနှင့် ရဲအရာရှိ ၄ဦးသေဆုံးကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Restituto Padilla ဆိုပါတယ်။
စစ်သွေးကြွများက ခရစ်ယာန်ဘာသာဝင်တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားရာ မာရာဝီမြို့မှ ဒေသခံ ခရစ်ယာန် ဂိုဏ်းချုပ် Teresito နှင့် ဘာသာဝင် ၁၂ဦးခန့်ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။
လူဦးရေ ၂သိန်းကျော်ရှိတဲ့ မာရာဝီမြို့ကို IS နဲ့ အဆက်အသွယ်ရှိတဲ့ Maute စစ်သွေးကြွများက သိမ်းပိုက်ခဲ့တဲ့အတွက် သမ္မတ ဒူတာတေးက စစ်အုပ်ချုပ်ရေးကြေညာကာ အထူးတပ်ဖွဲ့များနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ ပိုက်စိပ်တိုက် ရှင်းလင်းမှုတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။