ကမ္ဘာကျော် ဂေါက်သီး အားကစားသမား တိုက်ဂါးဝုဒ်ကို အရက်သေစာ သောက်စားပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် တနင်္လာနေ့ အစောပိုင်းက ဖလော်ရီဒါ ပြည်နယ် ဂျူပီတာတွင် ဖမ်းဆီးလိုက်ကြောင်း၊ တရားရုံး အချုပ်ခန်းတွင် ၄နာရီခန့် နေခဲ့ရကြောင်း AP သတင်းတရပ်တွင် ဖော်ပြထား သည်။
ယာဉ်မတော်တဆ ဖြစ်ခဲ့သည့် တိုက်ဂါးဝုဒ်ကို တနင်္လာနေ့ နံနက် ၃ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်နေသည် ဟု သံသယရှိသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး၊ ၎င်းအား Palm Beach County အကျဉ်းထောင်သို့ ခေါ်ယူခဲ့ကြောင်း ဂျူပီတာ ရဲစခန်း ပြောရေးဆိုခွင့်ရ အမျိုးသမီး Kristin Rightler က ပြောသည်။
အသက် ၄၁ နှစ်အရွယ် တိုက်ဂါးဝုဒ်ကို Palm Beach County အကျဉ်းထောင်သို့ မနက် ၇ နာရီ ၁၈ မိနစ်တွင် ခေါ်ဆောင်ခဲ့ပြီးနောက် ၎င်း ပြန်လည် သတိရလာပြီးနောက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ပြန်လွှတ်ပေးခဲ့သည်။ ၎င်း အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ တိုက်ဂါးဝုဒ်၏ အေးဂျင့် Mark Steinberg နှင့် PGA Tour ၏ ပြောခွင့်ရပုဂ္ဂိုလ် Ty Votaw တို့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြောကြားခြင်း မရှိပေ။
ရဲတပ်ဖွဲ့အစီရင်ခံစာ၌ ဖလော်ရီဒါ ရဲတပ်ဖွဲ့ဝင်များက တိုက်ဂါးဝုဒ်သည် အရက်သေစာ သောက်စားကာ ယာဉ်မဆင်မခြင် မောင်းနှင်သည်ဟု သံသယရှိနေပြီး၊ ၎င်း၏ သွေးစစ်ချက်နှင့် ဆေးမှတ်တမ်းများဖြင့် တရားရုံးသို့ လာရောက် တင်ပြ ဖြေရှင်းရမည် ဖြစ်သည်။ သို့သော် တရားလိုပြ ရှေ့နေက သက်သေခံအထောက်အထား မပြည့်စုံဟု ဆိုကာ တင်ပြချက်ကို ပယ်ချခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
ကျောရိုးခွဲစိပ်ကုသမှု ခံယူပြီးနောက် လက်ကျန်ရာသီ ပြိုင်ပွဲများတွင် မပါဝင်နိုင်ဘဲ အနားယူခဲ့ရသည့် တိုက်ဂါးဝုဒ်သည် ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ဒဏ်ငွေ ၁၆၄ ဒေါ်လာ ပေးဆောင်ရဖွယ် ရှိသည်။ တိုက်ဂါးဝုသည် ၎င်း၏ ဇနီး Elin Nordegren နှင့် ၂၀၁၀ ခုနှစ်တွင် တရားဝင်ကွဲခဲ့ပြီး၊ ၎င်းသည် အိုလံပစ် စကိတ်ချန်ပီယံမယ် Lindsey Vonn နှင့် ရင်းနှီးပတ်သက်မှု ရှိခဲ့သည်။