ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF)က နှစ်စဉ်ပေးအပ်လျက်ရှိသည့် Education for Nature (EFN) ပညာသင်ဆုအတွက် ယခုနှစ်တွင် မြန်မာနိုင်ငံသား ဘွဲ့လွန် ကျောင်းသား ၃ ဦး ရွေးချယ်ခံရကြောင်း သိရသည်။
ယင်းပညာသင်ဆုကို ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကျွမ်းကျင်မှု တည်ဆောက်ရေး နှင့် မြန်မာနိုင်ငံ၏ ကမ္ဘာ့အဆင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ပေးအပ် ချီးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ်တွင် လျှောက်ထားသူ ၂၅ ဦးအနက် ၃ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း WWF မြန်မာ၏ မေလ ၃၁ ရက် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
EFN ပညာသင်ဆုအတွက် ရွေးချယ်ခံခဲ့ရသူများတွင် ကိုနန္ဒအောင်သည် နယ်သာလန်နိုင်ငံရှိ Wageningen University တွင် စက်ရုံထွက် ရေဆိုးစီမံခန့်ခွဲမှု ဘာသာရပ်၊ ကိုအောင်ငြိမ်းချမ်းသည် အမေရိကန်နိုင်ငံရှိ Colorado State University တွင် တောရိုင်း တိရစ္ဆာန် လေ့လာရေး သိပ္ပံ(အာရှဆင် ထိန်းသိမ်းရေး အထူးပြု) ဘာသာရပ်နှင့် မကြည်ဖြူအောင်သည် ကနေဒါနိုင်ငံရှိ University of British Columbia တွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု ဘာသာရပ်တို့ကို သင်ယူကြရမည် ဖြစ်သည်။
WWF မြန်မာမှ EFN ပညာသင်ဆု တာဝန်ခံ ကိုသီဟဦးက “ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာ ရပ်တွေကို ရွေးချယ်သင်ယူမှု နည်းနေသေးပေ မယ့် နောင် တချိန် မှာ ရေရှည်တည်တံ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာမှာ ပါ။ ဒီအတွက် အရည်အချင်းပြည့်ဝတဲ့ ပညာရှင်တွေ လိုအပ်တယ် ” ဟု ပြောသည်။
EFN ပညာသင်ဆုကို လျှောက်ထားလိုသူများသည် တက္ကသိုလ်မှ ဘွဲ့တခုခု ရရှိကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ဆက်နွှယ်သည့် လုပ်ငန်းများ ၌ အတွေ့အကြုံအနည်းဆုံး ၂ နှစ်ရှိရမည်ဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလတွင် ပညာသင် ဆု လျှောက်လွှာများ စတင် ခေါ် ယူလေ့ရှိကြောင်း၊ ပညာသင်ဆုရသူများသည် ကမ္ဘာတဝန်းရှိ မည်သည့်တက္ကသိုလ်၌မဆို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။