သတင်းတို

ရွှေတိဂုံစေတီ နိုင်ငံခြားဧည့်ဝင်ကြေး တိုးကောက်မည့် ကိစ္စ ဆိုင်းငံ့

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ လာရောက်လေ့လာ လည်ပတ်မည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအား ဇွန်လမှစ၍ ဧည့်ဝင်ကြေး ၈၀၀၀ ကျပ်မှ ကျပ် ၁ သောင်း သို့ ပြောင်းလဲကာ တိုးမြင့်ကောက်ခံမည့် ကိစ္စကို ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် ဇုန်ဝင်ကြေး (ဧည့်ဝင်ကြေး) ကောက်ခံခြင်း နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ၆ လခန့် ကြိုတင်လျှောက်ထား၍ ဝန်ကြီးဌာန၏ ဝင်ကြေး သတ်မှတ်ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရမည်ဟု ရွှေတိဂုံ စေတီတော်ဂေါပက အဖွဲ့သို့ အကြောင်းကြားထားသဖြင့် ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားဧည့်ဝင်ကြေး တိုးမြှင့်ကောက်ခံမည့်အပေါ် ဆိုင်းငံ့ထားမည်ဟု ရွှေတိဂုံဂေါပကအဖွဲ့မှ အကြောင်းကြားလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းရှင်များအသင်းဝင်ကုမ္ပဏီများက မိမိတို့ရောင်းချမည့် ခရီးစဉ်များတွင် ရွှေတိဂုံဘုရားသို့ သွားရောက်မည့် နိုင်ငံခြားသားဧည့်သည်များအတွက် နူန်းထားအသစ်များကို ကြိုတင်တွက်ချက် ရောင်းချနိုင်ရန် အတွက် ကုမ္ပဏီမှ ကြိုတင်ဝင်ကြေးငွေကောက်ခံမှုကို ယခုလမှ စ၍ နိုဝင်ဘာလအထိ ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခု ၂၀၁၇ ခုနှစ် ဧပြီလကုန်အထိ ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် စုစုပေါင်း ၄၀၇၈၉ ဦးဝင်ရောက်ခဲ့ပြီး တရက်လျှင် ပျမ်းမျှ ၁၃၆၀ ဦး ဝင်ရောက်လေ့လာခဲ့ကြောင်း၊ နေ့စဉ် အလှူခံငွေ ရရှိမှုနှုန်းမှာ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၈၂ ရရှိခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံမှ နိုင်ငံခြားသားဧည့်သည်များ အများဆုံး ဝင်ရောက်ခဲ့ကြောင်းသိရသည်။

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်သည့် အာရှတိုက်မှ အထင်ကရနေရာ ၁၅နေရာကို TripAdvisor မှ ရွေးချယ်ရာ မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားလည်း ရွေးချယ်ခံခဲ့ရသည်။

ဆက်လက္ဖတ်ရှုရန်- အာရှတိုက်၏ အထင်ကရ ၁၅နေရာရွေးချယ်ရာ၌ ရွှေတိဂုံစေတီလည်း ပါဝင်

Loading