သတင်းတို

စက်သုံးဆီ သယ်ယူပို့ဆောင်မှု အရည်အသွေးပြည့်မှီခြင်းရှိ ၊ မရှိ ဝန်ကြီးဌာန စစ်ဆေးမည်

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီဆိုင် များ၏ သယ်ယူပို့ဆောင်မှုများကို အရည်အသွေးပြည့်မှီခြင်းရှိ၊ မရှိ စစ်ဆေးသွားမည် ဟု ၎င်းဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က “တပြည်လုံးရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ၊ သိုလှောင်ကန် စခန်းများမှ ဖြန့်ဖြူးနေသည့် စက်သုံးဆီများကို သာမက ကုန်းလမ်း၊ ရေလမ်း စက်သုံးဆီ သယ်ယူပို့ဆောင်မှုများကိုပါ အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း တိုးမြှင့် ဆောင်ရွက်သွားမည်” ဟု ပြောသည် ။

သတ်မှတ် စံချိန်စံညွှန်း မပြည့်မှီကြောင်း စစ်ဆေးတွေ့ရှိပါက စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းခြင်းအပြင် တင်သွင်းခွင့်ကိုပါ အကျိုးသက်ရောက်စေမည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်သည် ဟုလည်း ဒေါက်တာထွန်းနိုင်က လွှတ်တော်တွင် ဖြေကြားခဲ့သည် ။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က မြန်မာတနိုင်ငံလုံးရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင် အများစုတွင် ရောင်းချနေသော စက်သုံးဆီများသည် အရည်အသွေးပြည့်မှီမှု မရှိကြောင်း ပြည်သူလူထုထံမှ ကြားသိနေရပါသဖြင့် စက်သုံးဆီ အရောင်းဆိုင်များကို အရေးယူ ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည် ။

ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီတင် သင်္ဘော များရောက်ရှိလာပါက စက်သုံးဆီ နမူနာ ကို ဦးစွာ ရယူ ၍ ဝန်ကြီးဌာနက စစ်ဆေးလျက်ရှိသည်။ လက်ရှိတွင် ဆိပ်ကမ်းရောက်စက်သုံးဆီနှင့် ဆိုင်တွင် ရောင်းချသည့် ဆီများကိုသာ စစ်ဆေးနေရာမှာ ၎င်းစက်သုံးဆီ ကို သယ်ယူပို့ဆောင်မှုများကိုပါ တိုးချဲ့ စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလအထိ စာရင်းများအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရယူ ၍ ဖွင့်လှစ် ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်ပေါင်း ၂၀၉၄ ဆိုင်ရှိကြောင်း၊ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ် အတွင်း အရည်အသွေး နှင့် အချင် အတွယ် စံနှုန်းမမှီသည့် စက်သုံးဆီဆိုင် ၇ ဆိုင်ကို အရေးယူနိုင်ခဲ့ကြောင်း သိရသည် ။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ပုဂ္ဂလိက နှင့် အကျိုးတူပူးပေါင်းကာ စက်သုံးဆီစစ်ဆေးသည့် နိုင်ငံတကာ အဆင့်မှီ ဓာတ်ခွဲခန်းတခု အမြန်ဆုံးတည်ထောင်ရေး ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading