မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဇင်ဘတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ Novotel Hotel ၌ ယနေ့ပြုလုပ်သည့် Project MYA /001 Annual Event ပွဲတွင် လူဇင်ဘတ်နိုင်ငံ၏ Senior Tourism HR Development ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Paul Penfold က ပြောဆိုခြင်း ဖြစ်သည်။
ထိုထောက်ပံ့ငွေများကို အဓိကကဏ္ဍကြီး ၃ ခု ဖြစ်သည့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် အမေရိကန် ဒေါ်လာ ၁ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ပညာရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၁ သန်းနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ အခြေခံအဆောက်အအုံများအတွက် အမေရိကန်ဒေါ်လာ ၁ သန်း အသုံးပြုသွားမည်ဟု ၎င်းက ပြောသည်။
“ဒီပရောဂျက်က ခရီးသွားကဏ္ဍ တခုလုံးအတွက် ဖြစ်တယ်။ လောလောဆယ် ဟိုတယ်ခရီး ဝန်ကြီးဌာနမှာဆိုရင် IT ပိုင်း အားနည်းနေတာတွေ ရှိတယ်။ ဒါတွေ သင်တန်းပေးမယ်။ အင်္ဂလိပ် စကားပြောသင်တန်းတွေ ပေးနေတာရှိတယ်။ အစိုးရ ဝန်ကြီးဌာနကို ကူညီပေးမှာ ဖြစ်တယ်” ဟု Mr. Paul Penfold က ပြောသည်။
ကျန်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကို ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ လိုအပ်သည့် နေရာများအတွက် စီမံ အသုံးပြုသွားမည်ဟု သိရသည်။ ထို့အပြင် ထောက်ပံ့ငွေကြေး၏ ၆၀ ရာခိုင်နှုန်းကို စွမ်းဆောင်ရည်မြှင့်သည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို လက်တွေ့ဆောင်ရွက်ရသော ကဏ္ဍများတွင် အသုံးပြု သွားမည်ဟု ၎င်းက ဆက်ပြောသည်။
လူဇင်ဘတ်အစိုးရ၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသား ဝင်ရောက်မှုများပြားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေး ဒေသတို့တွင် သင်တန်းများပေးနေပြီး၊ ခရီးသွားလာမှု များလာသည့် ဘားအံနှင့် ကလောတို့တွင် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ယခုနှစ်မှစတင်ပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။