သတင်းတို

မွန်ပြည်နယ် စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီးသစ် အမည်စာရင်းတင်သွင်း

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မြို့ပြအင်ဂျင်နီယာတဦးဖြစ်သည့် ဘီလူးကျွန်း၊ ရွာလွတ်ရွာသား ဦးမင်းကျော်လွင်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယနေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းအဆိုပြုလိုက်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ သူကပညာရှင် ၊ ရန်ကုန်မြို့တော် စည်ပင်မှာလည်း လုပ်ဖူးတယ်။ ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ရွာလွတ်ဇာတိ၊ မွန်ဘာသာစကားကို ကောင်းစွာပြောဆိုနိုင်တယ်၊ အင်္ဂလိပ်စကားလည်း ရေးနိုင်ပြောနိုင်တယ်။ အာဆီယံလုပ်ပိုင်ခွင့်ရ မြို့ပြအင်ဂျင်နီယာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်” ဟု ပြောဆိုသည်။

အဆိုပြုခြင်း ခံထားရသည့် ဦးမင်းကျော်လွင်က မွန်ပြည်နယ်အတွင်း စည်ပင်သာယာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ အားနည်းနေပြီး မိမိဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပါက ထိုအခြေခံ အဆောက်အအုံ (လမ်း၊ ရေ၊ မြောင်း၊ မီး၊ အမှိုက်) များကို ပြုပြင်လုပ်ဆောင်ရန် စိတ်ကူးထားကြောင်း ပြောဆိုသည်။

ဦးမင်းကျော်လွင်ကို မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မည့် အတည်ပြုချက်ကို ဇွန်လ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလက်ထက်တွင် ၎င်းကိုယ်တိုင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့သည်။

Loading