ကျည်ထောင်စု သစ္စာ အမည်ရှိ သရော်စာကို The Voice သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ ၂ ဦး၏ အာမခံ လျှောက်ထားမှုကို ယနေ့ မနက် ၁၀ နာရီက ဗဟန်းတရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်းတွင် ပယ်ချလိုက်သည်။
အာမခံလျှောက်ထားရာတွင် ဆေးစာမပြည့်စုံသည့်အတွက် ပယ်ချလိုက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ရုံးချိန်းကို ဇွန်လ ၁၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။
ယနေ့ ရုံးထုတ်တွင် သတင်းမီဒီယာသမားများကလည်း “သတင်းလွတ်လပ်ခွင့်ရှိရမည်” အမည်ရှိ လက်ပတ်ဖြူများ ဝတ်ဆင်ကာ The Voice အယ်ဒီတာချုပ်နှင့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို ဝန်းရံခဲ့သည်။
သရော်စာများ ရေးသားလေ့ရှိသည့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်က တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ရိုက်ကူး ထုတ်လွှင့်ခဲ့သည့် ပြည်ထောင်စုသစ္စာ ဇာတ်လမ်းနှင့် ပတ်သက်၍ “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးကို မတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ရာ တပ်မတော်မှ ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။