ပျောက်ဆုံးသွားသည့် Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာ ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့် အထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း ၊ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်- ထားဝယ်- မြိတ်- ဘုတ်ပြင်း- မြိတ်- ရန်ကုန် ခရီးစဉ်တိုင်း ပြေးဆွဲနေသည့် သက်သာ ချောင်ချိရေး ပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ခရီးသည် မြိတ်မှ ရန်ကုန်သို့ ယနေ့ မွန်းလွဲ ၁နာရီ ၆မိနစ်မှာ အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပျံသန်းလာ စဉ် မွန်းလွဲ ၁နာရီ ၃၅ မိနစ်ခန့်မှ ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ခန့် အရောက် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ အမှုထမ်း ၁၄ ဦးပါရှိသည်။ လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များ မှာ အရာရှိ/စစ်သည် ၃၅ ဦးနှင့် မိသားစုဝင် ကလေး ၁၅ ဦး(ကျား ၆ ဦး၊ မ ၉ ဦး) ၊ လူကြီး ၅၈ ဦး(ကျား ၁၃ ဦး၊ မ ၄၅ ဦး) တို့ဖြစ်ပြီး စုစုပေါင်း ၁၀၈ ဦးပါရှိကြောင်း သိရပါတယ်။