ဓားကိုင်ရန်ပြုခဲ့သည့်ဆိုသော YBS ယာဉ်လိုင်း အမှတ် ၇ မှ ယာဉ်မောင်းနှင့် ယာဉ်လိုက်တို့အား ကျောက်တံတားမြို့မ ရဲစခန်းမှ တာဝန်ကျအဖွဲ့က သေနတ်နှင့်ချိန်ပြီး ဖမ်းဆီးခဲ့ပြီးနောက် ညတွင်းချင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၇ ရက် ညနေ ၆ နာရီအချိန်တွင် တာဝန်သိပြည်သူတဦး၏ သတင်းပေးချက်အရ YBS ၇ မှ ဒရိုင်ဘာသည် ဗိုလ်တထောင် အပိုင်ထဲတွင် ပြဿနာဖြစ်ခဲ့ပြီး ၂ ပေခန့် အရှည်ရှိသောဓားဖြင့် ရန်ပြုခဲ့ကြောင်း ကျောက်တံတား မြို့မရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့၍ ကျောက်တံတားမြို့မရဲစခန်းမှ မီးတန်းယာဉ်တာဝန်ကျအဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ကျောက်တံတားရဲစခန်းမှ တာဝန်မှူးက ဧရာဝတီကို ပြောသည်။
ထိန်းသိမ်းခဲ့သူများကို ရဲစခန်းတွင် စစ်ဆေးမေးမြန်းရာ ယာဉ်လိုင်းအချင်းချင်း ပွတ်တိုက်မိမလိုဖြစ်ခဲ့ရာမှ အချင်းချင်းစကား အနည်းငယ်များခဲ့ခြင်းဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုမရှိခဲ့ကြောင်း၊ ၎င်းတို့ယာဉ်ဆက်လက်ထွက်ခွာလာခဲ့ပြီးနောက် မြို့တော်ခန်း မရှေ့ ကားမှတ်တိုင်အရောက်တွင် ယခုကဲ့သို့ ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရှင်းပြသည်။
“ကားပေါ်မှာ ဒရိုင်ဘာမဆင်းခင်အချိန်မှာတော့ သေနတ်နဲ့အသင့်လုပ်ပြီး နေတာတော့ ရှိတာပေါ့။ သူ့ဆီမှာ ၂ ပေ လောက် ဓားပါလာတယ်လို့ သတင်းပေးတဲ့အတွက်ကြောင့် မမြင်ရသေးဘူးလေ။ ကိုယ့်တပ်ဖွဲ့ဝင်ကို တခုခုနဲ့ တိုက်ခိုက်မှာစိုးလို့ သေ နတ်နဲ့ အသင့်အနေအထားပဲရှိတာပါ။ ကျနော်တို့ ကားပေါ်တက်ရှာတဲ့အခါကျတော့ ဓားလည်းမပါလာဘူး။ အန္တရာယ်ရှိတဲ့ တစုံတရာလည်းမပါဘူး။ စခန်းကိုခေါ်ပြီး သူတို့နဲ့ပတ်သက်တဲ့ ဖြစ်စဉ်လေးတွေ မေးပြီးတော့မှ မနေ့ကတည်းက ပြန်လွှတ် လိုက်ပါပြီ” ဟု ၎င်းက အတည်ပြုပြောဆိုသည်။
အခင်းဖြစ်ပွားသည့် ညနေတွင် အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို သေနတ်ဖြင့် ချိန်ကာ ဖမ်းဆီးသည့် ပုံများ လူမှုကွန်ရက်ပေါ်သို့ ဓာတ်ပုံများနှင့်တကွ ပျံ့နှံသွားခဲ့သည်။